ပြည်ပပို့ကုန် စပါးတွေ ဈေးကောင်း ရနိုင်ဦးမလား

“ဒီအခြေအနေကို အသင်းချုပ်က(မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) ဖြေရှင်းပေးသင့်တယ်။ အခုက လယ်သမားတွေက စပါးစိုက်ရင်း ထမင်းငတ်နေကြရပြီ”

၂၃၊မတ်လ။

ဧရာဝတီတိုင်းမှာ အဓိက စိုက်ပျိုးကြလေ့ရှိတဲ့ ပြည်ပတင်ပို့တဲ့ စပါးအမျိုးအစားတွေဖြစ်တဲ့ ဆာဖိုးသာ၊ Gw11၊ New 11 စတဲ့စပါးမျိုးတွေရဲ့  လက်တလောပေါက်ဈေးဟာ အေးနေတဲ့အတွက် ပေါက်ဈေးအတိုင်း ရောင်းထုတ်ကြမလား ဒါမှမဟုတ် ဈေးကောင်းရဖို့ လှောင်ထားသင့်သလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

“အခုက စပါးအဝယ်က အေးနေတာရော ပြည်ပပို့မယ့် အခြေအနေကလည်း ဘာမှန်းမသိသေးဘူး။ အရင်ကတော့ ခုဈေးမကောင်းသေးရင်တောင် ဘယ်တော့လောက်ဆို ဈေးကောင်းလာနိုင်တယ်ဆိုတာ တွက်ကြည့်လို့ရတယ်။ အခုကကျ မြန်မာ့ အခြေအနေရော ကမ္ဘာ့အခြေအနေရောက ဘာဆက်ဖြစ်လာမယ် မသိနိုင်ဘူး  ” လို့ ဘုရင့်နောင်မှာ ဆန်၊စပါး၊ပဲ မျိုးစုံ ပွဲရုံဖွင့်လှစ်ထားသူ တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းက လယ်သမားတွေ အနေနဲ့ ဆာဖိုးသာ၊Gw11၊ New 11 စတဲ့ စပါးတွေအပြင် ပေါ်ဆန်းစပါးမျိုးတချို့ဟာ ရာသီဥတုဒဏ်၊ပိုးမွှားဒဏ် ပိုပြီးခံနိုင်ရည် ရှိကြသလို အထွက်နှူန်းလည်းကောင်း ပြည်ပပို့ကုန်လည်း တန်းဝင်တဲ့ အနေအထားရှိတာကြောင့် အခုနောက်ပိုင်းမှာ ပိုပြီးစိုက်ပျိုးသူ များလာတယ်လို့ သိရပါတယ်။

“အခုက ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း မသိဘူး။ စပါးက သွင်းအားစုမနိုင်လို့ အထွက်နှူန်းက ကျရတဲ့ကြားထဲ စပါးဈေးက ၁၁ သိန်းတဲ့။ မလှောင်နဲ့လို့ ပြောပေမယ့်လည်း တက်လာဦးမလားလို့ မျှော်လင့်ပြီး လှောင်ထားချင်တယ်။ ခက်တာက အခုက ရတဲ့ဈေးနဲ့ ရောင်းဖို့တောင်မှ ဝယ်မယ့်သူက မရှိသေးဘူး ” လို့ ဇလွန်မြို့နယ်ထဲမှာ နွေစပါးအဖြစ် ဆာဖိုးသာမျိုးကို စိုက်ပျိုးခဲ့တဲ့ ကိုအောင်ကျော်နိုင်က ဆိုပါတယ်။

စပါးဈေး ကျဆင်းနေပေမယ့် ပြည်တွင်းမှာစားသုံးတဲ့ ဆန်အမျိုးအစား စပါးတွေကတော့ အတက်၊အကျ မပြင်းထန်ပဲ ငြိမ်နေတာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ ပြည်တွင်းစားသုံးတဲ့ အမျိုးအစားတွေကိုတော့ တတ်နိုင်ရင် လှောင်ပြီး၊ ဆန်အဖြစ် ကြိတ်ခွဲရောင်းချသင့်တယ်လို့ မြောင်းမြမြို့နယ်က စပါး၊ပဲ ကုန်သည်တဦးက ပြောပါတယ်။

“ကျွန်တော်တို့ ဧရာဝတီတိုင်းကဆိုရင် ကျားပျံအမျိုးအစားဆို ပြည်တွင်းဈေးကွက်မှာ အတော်လေး ရောင်းရတယ်။ နောက်ပြီး ပေါ်ဆန်းမျိုးတွေပေါ့။ အခုက ပြည်ပဈေးကွက်က ဘာမှန်းမသိဘူး။ ဒီအခြေအနေကို အသင်းချုပ်က(မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) ဖြေရှင်းပေးသင့်တယ်။ အခုက လယ်သမားတွေက စပါးစိုက်ရင်း ထမင်းငတ်နေကြရပြီ ” လို့ သူက ရှင်းပြပါတယ်။

ဆန်စပါးဈေးကွက် လေ့လာနေသူတွေနဲ့ ကုန်သည်တွေကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံ‌ရေးအခြေအနေနဲ့ ကုန်ဈေးနူန်းတွေကြောင့် ပြည်ပပို့ကုန် ဆန်အမျိုးအစား စပါးတွေနဲ့ ပတ်သက်ပြီး အရင်ကလို တထစ်ချ သတ်မှတ်ထားလို့ မရပေမယ့် မြန်မာတနိုင်ငံလုံးမှာ စပါးကို ဧရိယာကျယ်ကျယ် စိုက်ပျိုးနိုင်တာဟာ ဧရာဝတီတိုင်းပဲ ရှိတော့တာကြောင့် ပြည်တွင်းစားသုံး ဆန်အမျိုးအစားတွေကို ပိုစိုက်ပျိုးသင့်တယ်လို့ အကြံပြုကြပါတယ်။

ဒါပေမယ့် ဧရာဝတီတိုင်းက လယ်သမားတွေကတော့ သွင်းအားစုနဲ့ ကုန်ဈေးနူန်းတက်တာတွေအပြင် စစ်မှုထမ်းပေါ်တာဆွဲတာ၊ စစ်မှုထမ်းထောက်ပံ့ကြေးနဲ့ အခြားသော ကုန်ကျစရိတ်တွေကြားမှာ ပိုပိုပြီး ခက်ခဲလာနေပြီလို့ ဓနုဖြူမြို့နယ်မှာ နေထိုင်တဲ့ ကိုစိုးသူက ဆိုပါတယ်။

“ကျွန်တော်တို့မှာ စပါးဈေးကျတာမှန်းမသိ၊ ပဲလေးဈေးကောင်းတော့လည်း ပဲကွင်းတွေကပျက်။ သွင်းအားစုဈေးနူန်းတွေကလည်း ခုန်ခုန်တက်။ အလုပ်သမားတွေက ပေါ်တာဆွဲခံရ၊ အခုဆိုရင် ဆီတောင်မှ ရတချက် မရတချက်နဲ့ လယ်တွေရောင်းပြီး မလေးသွားရမလားတောင် တွေးနေပြီ ” လို့ ကိုစိုးသူက ပြောပါတယ်။

နွေစပါးရော၊ မိုးစပါးမှာပါ စပါးဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဆက်တိုက် ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ စပါးစိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့ အလုပ်သမားနဲ့ စက်ပစ္စည်းတွေကစပြီး သွင်းအားစုနဲ့ သယ်ယူပို့ဆောင်‌ရေးအပြင် စပါးထည့်အိတ်တွေအဆုံး အကုန်လုံးက ဈေးတက်လာခဲ့ပေမယ့်  စပါးဈေးကတော့ တောက်လျှောက်ကျနေခဲ့တာပါ။

အခုလို အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို DNA အနေနဲ့ ဒီကနေ့အတွင်း ၃ ကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ၃ ကြိမ်စလုံး တာဝန်ရှိသူတွေ အစည်းဝေးရှိနေလို့ဆိုတဲ့ ပြန်ကြားချက်ကိုသာ ရရှိခဲ့ပါတယ်။