​​ကမ္ဘာ့စီးပွားရေးဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ IEA အကြီးအကဲပြော

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ တက်နေတာကို တိုက်ဖျက်ဖို့အတွက် မတ်လ၁၁ ရက်နေ့မှာ IEA အဖွဲ့ဝင်နိုင်ငံတွေက မဟာဗျူဟာမြောက် သိုလှောင်ထားတဲ့ ရေနံ စည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။

၂၃၊ မတ်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ ကမ္ဘာ့စီးပွားရေးကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ပေးနေတယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတစ်ဘီရောလ်က မတ်လ ၂၃ ရက်၊တနင်္လာနေ့ မှာ ပြောကြားလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ မြို့တော် အမျိုးသားသတင်းစာရှင်းလင်းပွဲမှာ ဘီရောလ်က အခုအရှေ့အလယ်ပိုင်း အကျပ်အတည်းဟာ အင်မတန် ပြင်းထန်တယ်လို့ ဆိုပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေက ဖြစ်ခဲ့တဲ့ ရေနံအကျပ်အတည်းနှစ်ခုနဲ့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ရိုက်ခတ်မှု နှစ်ခုစလုံးကို ပေါင်းလိုက်တာထက်တောင် ပိုဆိုးနေတယ်လို့ သူက တင်စားပြောဆိုပါတယ်။

“အခုလက်ရှိ အခြေအနေအရဆိုရင် ဒီအကျပ်အတည်းဟာ ရေနံအကျပ်အတည်း နှစ်ခုနဲ့ ဓာတ်ငွေ့ပြတ်လပ်မှု တခုကို တပြိုင်နက်တည်း ပေါင်းကြုံနေရသလိုပါပဲ”လို့ သူက ဆိုပါတယ်။

“ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားနေရင် ဘယ်နိုင်ငံမှ ဒီဘေးကနေ မလွတ်နိုင်ပါဘူး။ ဒါကြောင့် တကမ္ဘာလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ်” လို့ ဘီရောလ်ကမှတ်ချက်ပြုခဲ့ပါတယ်။

စစ်ပွဲက စတုတ္ထမြောက် အပတ်ထဲကို ရောက်လာတာနဲ့အမျှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တီဟီရန်အစိုးရတို့ဟာ အပြန်အလှန် ခြိမ်းခြောက်မှုတွေ လုပ်နေကြပါတယ်။

ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းနေရတဲ့ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အမေရိကန်သမ္မတက တောင်းဆိုထားပါတယ်။

အဆိုပါ ပိတ်ဆို့နေတာကြောင့် ကျဉ်းမြောင်းတဲ့ အဲဒီရေလမ်းကြောင်းကနေရေနံတင်ပို့မှုတွေဟာ ရပ်တန့်လုနီးပါး ဖြစ်နေပြီး ရေနံဈေးနှုန်းတွေလည်းထိုးတက်ကုန်ပါတယ်။

အီရန်စစ်ပွဲကြောင့် လိုအပ်မယ်ဆိုရင် သိုလှောင်ထားတဲ့ ရေနံတွေကို ထပ်မံထုတ်ပေးဖို့ အာရှနဲ့ ဥရောပက အစိုးရတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဘီရောလ်ကပြောပါတယ်။

“လိုအပ်လာရင်တော့ ကျွန်တော်တို့ ဒါကို လုပ်မှာပါ။ အခြေအနေတွေကိုစောင့်ကြည့်မယ်၊ ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆွေးနွေးသွားမှာပါ” လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ တက်နေတာကို တိုက်ဖျက်ဖို့အတွက် မတ်လ၁၁ ရက်နေ့မှာ IEA အဖွဲ့ဝင်နိုင်ငံတွေက မဟာဗျူဟာမြောက် သိုလှောင်ထားတဲ့ ရေနံ စည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။

အဆိုပါ ပမာဏဟာ စုစုပေါင်း သိုလှောင်မှုရဲ့ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ နောက်ထပ် ရေနံတွေ ထပ်ထုတ်ပေးဖို့အတွက် သီးသန့်သတ်မှတ်ထားတဲ့ရေနံဈေးနှုန်းမျိုးတော့ မရှိဘူးလို့ ဘီရောလ်က ပြောပါတယ်။

“သိုလှောင်ထားတဲ့ ရေနံတွေကို ထုတ်ပေးတာက ဈေးကွက်ကို တည်ငြိမ်အောင် ကူညီပေးနိုင်ပေမဲ့ ဒါက အဖြေတော့ မဟုတ်ပါဘူး။ စီးပွားရေးမှာခံစားနေရတဲ့ ဒဏ်ရာတွေကို သက်သာအောင်ပဲ လုပ်ပေးနိုင်မှာပါ” လို့ သူကဆိုပါတယ်။

အာရှပစိဖိတ် ဒေသဟာ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းလာတဲ့ ရေနံ၊ဓာတ်မြေသြဇာနဲ့ ဟီလီယံဓာတ်ငွေ့လို အရေးကြီးတဲ့ ကုန်ပစ္စည်းတွေအပေါ်မှီခိုနေရတာကြောင့် အခုရေနံအကျပ်အတည်းမှာ ရှေ့တန်းက ခံစားနေရတယ်လို့ ဘီရောလ်က ဆိုပါတယ်။

ဒါကြောင့်လည်း သူဟာ ကမ္ဘာလှည့်ခရီးစဉ်ကို ကင်ဘာရာမြို့ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီဆီနဲ့ တွေ့ဆုံပြီးနောက် ဘီရောလ်ဟာ G7 အစည်းအဝေး မတိုင်ခင် ဒီအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။

သိုလှောင်ထားတဲ့ ရေနံတွေကို ထုတ်သုံးတာဟာ IEA လုပ်ဆောင်နိုင်တဲ့အစိတ်အပိုင်း တခုပဲ ရှိသေးတယ်လို့ သူက ပြောပါတယ်။

ယာဉ်မောင်းနှုန်း ကန့်သတ်တာ ဒါမှမဟုတ် အိမ်ကနေ အလုပ်လုပ်တဲ့ စနစ်တွေကို ကျင့်သုံးတာမျိုးဟာ ၂၀၂၂ ခုနှစ်က ဥရောပမှာ စွမ်းအင်သုံးစွဲမှုကိုလျှော့ချနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတခုချင်းစီက လောင်စာဆီချွေတာဖို့ ဘယ်လို အကောင်းဆုံးလုပ်ဆောင်မလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဘီရောလ်က ပြောခဲ့ပါတယ်။

Ref – Reuters