မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို နိုင်ငံတော်ရေးရာဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်

ကင်ဟာ သူ့ရဲ့  အဘိုးဖြစ်သူ ကင်အီလ်ဆွန်း ၁၉၄၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရဲ့ တတိယမြောက်မျိုးဆက် ခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး နိုင်ငံကို အုပ်ချုပ်လာခဲ့တာပါ။

၂၃၊ မတ်။

 ထီးတည်းရပ်တည်နေတဲ့ နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားဟာ အမြင့်ဆုံးပြည်သူ့လွှတ်တော်ရဲ့ ပထမအကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် ခေါင်းဆောင် ကင်ဂျုံအွန်းကို နိုင်ငံတော်ရေးရာ ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်တယ်လို့ အစိုးရပိုင်သတင်းဌာန KCNA က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 ပြုံယမ်းမှာကျင်းပတဲ့ အဆိုပါ အစည်းအဝေးမှာ ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်တာတွေနဲ့အတူ နိုင်ငံတော်ရေးရာဥက္ကဋ္ဌနဲ့ တခြားနိုင်ငံတော်ဦးဆောင် အဖွဲ့အစည်းတွေကို ရွေးချယ်တင်မြှောက်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ (၉) ကြိမ်မြောက် ပါတီညီလာခံမှာ ကြေညာခဲ့တဲ့နိုင်ငံရဲ့ ငါးနှစ်တာ စီးပွားရေး စီမံကိန်းကိုလည်း အခုအစည်းအဝေးမှာ ပြန်လည် သုံးသပ်သွားမယ်လို့ KCNA က ဆိုပါတယ်။

ကင်ဟာ သူ့ရဲ့  အဘိုးဖြစ်သူ ကင်အီလ်ဆွန်း ၁၉၄၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရဲ့ တတိယမြောက်မျိုးဆက် ခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး နိုင်ငံကို အုပ်ချုပ်လာခဲ့တာပါ။

မကြာသေးခင်နှစ်တွေအတွင်း ကင်ဂျုံအွန်းဟာ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ မြောက်ကိုရီးယားရဲ့ ရေရှည်ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ပြီး တောင်ကိုရီးယားကို ရန်ဘက်နိုင်ငံအဖြစ် အဓိပ္ပာယ်ပြန်ဖွင့်ခဲ့ပါတယ်။

 ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရဲ့ အမြင့်ဆုံးဦးဆောင်အဖွဲ့ဖြစ်တဲ့ နိုင်ငံတော်စီမံခန့်ခွဲရေးကော်မရှင် အဖွဲ့ဝင်စာရင်းမှာ ကင်ဂျုံအွန်းရဲ့ သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံရဲ့ အမည်ဟာ သိသိသာသာ ပျောက်ဆုံးနေပါတယ်။

 သူမရဲ့ အမည်ကို ဘာကြောင့် စာရင်းထဲမှာ မတွေ့ရတော့တာလဲဆိုတာကို လေ့လာစုံစမ်းနေတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပေမဲ့ အဆိုပါလုပ်ရပ်ဟာ သြဇာအာဏာ ကျဆင်းသွားတာကို ဆိုလိုတာ မဟုတ်ဘူးလို့ဝေဖန်ဆန်းစစ်သူတွေက ဆိုပါတယ်။

 “သူမ မပါဝင်လာတာဟာ ရာထူးကျသွားတာမျိုး မဟုတ်ဘဲ မဟာဗျူဟာမြောက်အခန်းကဏ္ဍ ခွဲဝေလိုက်တာပဲ ဖြစ်နိုင်တယ်” လို့ ကျောင်နမ်တက္ကသိုလ်က ပရော်ဖက်ဆာ လင်အီချူးလ်က ပြောပါတယ်။

 ကင်ယိုဂျုံဟာ အာဏာရအလုပ်သမားပါတီမှာ ဌာနမှူးအဖြစ် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မူဝါဒတွေညှိနှိုင်းတဲ့နေရာမှာ ပါတီကိုဗဟိုပြုတဲ့ ပိုမြင့်မားတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်လို့လည်း သူက ဖြည့်စွက်ပြောကြားထားပါတယ်။

 

Ref – AFP