ဘေရွတ်မြို့ရှိ ဟစ်ဇဘိုလာပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်ပြော

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့နဲ့ စစ်ဖြစ်နေတာ သုံးပတ်ထဲကို ရောက်လာချိန်မှာ အစ္စရေးဟာ လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးအရှိန်မြှင့် လုပ်ဆောင်လာပါတယ်။

၂၁၊ မတ်။

 အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာရှိတဲ့ ဟစ်ဇဘိုလာပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ စနေနေ့ အစောပိုင်းမှာ ပြောလိုက်ပါတယ်။

 လက်ဘနွန်မြို့တော် တောင်ဘက် ဆင်ခြေဖုံးက ရပ်ကွက် ခုနစ်ခုမှာရှိတဲ့ လူတွေကို ဘေးလွတ်ရာ ရှောင်ကြဖို့ သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက်အစ္စရေးစစ်တပ်က အခုလို တိုက်ခိုက်နေတာပါ။

 အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့နဲ့ စစ်ဖြစ်နေတာ သုံးပတ်ထဲကို ရောက်လာချိန်မှာ အစ္စရေးဟာ လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးအရှိန်မြှင့် လုပ်ဆောင်လာပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့တုန်းက လက်ဘနွန်လက်နက်ကိုင်အဖွဲ့က တီဟီရန်ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးကို စတင်ပစ်ခတ်ခဲ့ရာကနေ အခုပဋိပက္ခဟာ အီရန်နဲ့ အမေရိကန်-အစ္စရေးကြား စစ်ပွဲရဲ့ အဆိုးဝါးဆုံး ဘေးထွက်ဆိုးကျိုးတခု ဖြစ်လာခဲ့ပါတယ်။

 ပဋိပက္ခကြောင့် လက်ဘနွန်မှာ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရသလို လူ၁ သန်းကျော်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

 အီရန်ရဲ့ အဓိကခေါင်းဆောင် အယာတိုလာ အလီခါမေနီ အသတ်ခံရတာကိုလက်စားချေတဲ့အနေနဲ့ မတ်လ ၂ ရက်နေ့မှာ ဟစ်ဇဘိုလာတွေက အစ္စရေးထဲကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့ရာကနေ လက်ဘနွန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းစစ်ပွဲထဲကို ဆွဲသွင်းခံလိုက်ရတာပါ။

အဲဒီအချိန်ကစပြီး အစ္စရေးဟာ လက်ဘနွန်တဝန်းကို တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို နိုင်ငံတောင်ပိုင်းကိုလည်း တပ်တွေ စေလွှတ်ခဲ့ပါတယ်။

 စနေနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အစ္စရေးတပ်ဖွဲ့တွေဟာ ဘေရွတ်မြို့မှာရှိတဲ့ ဟစ်ဇဘိုလာ အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်တွေကို လက်ရှိမှာတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

  လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မိုက်ကယ် အီဆာကတော့ မဆွေးနွေးဘဲ ဘာပြဿနာမှ မပြေလည်နိုင်ဘူးလို့ သတင်းထောက်တွေကိုပြောကြားခဲ့ပြီး လက်ဘနွန်သမ္မတ ဂျိုးဆက်အောင်န်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သောကြာနေ့မှာ ထောက်ခံလိုက်ပါတယ်။

ဒါပေမဲ့ အစ္စရေးဟာ လက်ဘနွန်ကို တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ သူယုံကြည်ကြောင်းလည်း သံအမတ်က ဆိုပါတယ်။

 “အဲဒါဟာ အခုအခြေအနေမှာ အစ္စရေးနဲ့ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်၊ မဖြစ်ဆိုတာကို လက်ဘနွန်ဘက်က ဆုံးဖြတ်ရမယ်လို့ ဆိုလိုတာပါ” လို့ သံအမတ်ကထပ်လောင်းပြောခဲ့ပါတယ်။

 လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးစစ်သား နှစ်ဦးလည်း သေဆုံးခဲ့တယ်လို့စစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref- Reuters