
ဒေသတွင်းက စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ပြလိုက်တာဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးတွေအတွက် အီရန်ဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေတာပါ။
၂၀၊ မတ်။
အီရန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံတွေကို နောက်ထပ်မတိုက်ခိုက်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြီး တရက်အကြာ ဒီကနေ့ မတ်လ ၂၀ရက်နေ့မှာပဲ
အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပါတယ်။
တီဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကစလို့ အခုစစ်ပွဲကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို အိမ်နီးချင်းနိုင်ငံတွေကိုလည်း ကူးစက်ပြန့်နှံ့ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။
“အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တီဟီရန်မြို့လယ်ခေါင်မှာရှိတဲ့ အီရန်အကြမ်းဖက်အစိုးရရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ စတင်နေပြီဖြစ်တယ်” လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အသေးစိတ်အချက်အလက်တွေ မပြောဘဲ ထုတ်ပြန်ခဲ့ပါတယ်။
ဘာရိန်း၊ ကူဝိတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကလည်းသောကြာနေ့ အစောပိုင်းမှာ ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။
အီရန်က ဒေသတွင်း အင်အားစုတွေရဲ့ စွမ်းအင်ကဏ္ဍကို ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။
အစ္စရေးက အီရန်ရဲ့ အဓိကဓာတ်ငွေ့သိုက်ကို တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကာတာနိုင်ငံရဲ့ Ras Laffan စက်မှုမြို့တော်ကို တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ ဧရိယာဟာ ကမ္ဘာ့သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်မှုရဲ့ ငါးပုံတပုံခန့်ကိုလုပ်ဆောင်ပေးနေတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့နှစ်နဲ့ချီ ကြာဦးမှာပါ။ ဒါကြောင့် ကြာသပတေးနေ့မှာ စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်သွားခဲ့ပါတယ်။
အီရန်က ပင်လယ်ကွေ့ထွက်ပေါက်ဖြစ်တဲ့ ဟော်မုဒ်ရေလက်ကြားကို ပိတ်ပစ်ခဲ့ရင်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ဆော်ဒီအာရေဗျက အရန်သင့်ပြင်ထားတဲ့ ပင်လယ်နီဆိပ်ကမ်းဟာလည်း ကြာသပတေးနေ့မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒေသတွင်းက စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ပြလိုက်တာဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးတွေအတွက် အီရန်ဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေတာပါ။
ဒါ့အပြင် ပင်လယ်ကွေ့ဒေသက တန်ဖိုးရှိတဲ့ စွမ်းအင်ပိုင်ဆိုင်မှုတွေကို လေကြောင်းရန်ကနေ ကာကွယ်ဖို့ရာမှာ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာကိုလည်း မြင်သာစေပါတယ်။
လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ စက်သုံးဆီဈေးတက်တာက ထရမ့်ရဲ့မဲဆန္ဒရှင်တွေကြားမှာ နိုင်ငံရေးအရ သက်ရောက်မှု ရှိနိုင်ပါတယ်။
စွမ်းအင်အခြေခံအဆောက်အအုံတွေကို နောက်ထပ်မတိုက်ဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ပြောထားတယ်လို့လည်း ထရမ့်က ဆိုပါတယ်။
ဒါပေမဲ့ နေတန်ယာဟုကတော့ အီရန်ရဲ့ South Pars ဓာတ်ငွေ့သိုက်ကို ဗုံးကြဲတာဟာ အစ္စရေးတနိုင်ငံတည်းရဲ့ အစီအစဉ်နဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။
အီရန်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်ဖို့ဆိုရင် မြေပြင်စစ်ဆင်ရေးလိုအပ်လိမ့်မယ်လို့လည်း နေတန်ယာဟုက မှတ်ချက်ပေးခဲ့ပါတယ်။
Ref – Reuters