ဧရာဝတီတိုင်းလွှတ်တော်အတွက် ကိုယ်စားလှယ်တွေကို ခေါ်ထားပြီ

ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့က ၆၁ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာနှူန်းကို အသာစီးယူထားပြီး ကျန်ပါတီ တွေက ၁၃ ဒသမ ၇ ရာခိုင်နှုန်းစီ ထိုင်ခုံရကြမှာပါ။

၁၇၊ မတ်။

လာမယ့် မတ်လ ၂၀ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ဧရာ၀တီတိုင်းလွှတ်တော်အစည်းအဝေးအတွက် စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ပြင်ဆင်မှုတွေ စလုပ်နေပြီဖြစ်ပြီး ဒီနေ့ လွှတ်တော်ခန်းမထဲ အန္တရာယ်ကင်း ပရိတ်တရား နာခဲ့ကြပါတယ်။

တိုင်းလွှတ်တော် တက်ကြရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ လာရောက်သတင်းပို့ကြဖို့ အကြောင်းကြားခဲ့ပြီး မနေ့က မတ်လ ၁၆ ရက်နေ့မှာ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲ လုပ်ကာ ဒီနေ့ ၁၇ ရက်နေ့မှာတော့ လွှတ်တော်ခန်းမထဲ ပရိတ်တရားနာခဲ့ကြတာလို့ သိရပါတယ်။

“၁၄ ရက်နေ့ထက်မစော ၁၅ ရက်နေ့နောက်မကျစေဘဲ သတင်းပို့ရမယ်ပြောထားတယ်။ အဲဒါသွားပြီး သတင်းပို့ လိုက်တယ်။ ၁၆ ရက်နေ့မှာ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲလုပ်တယ်။ ဒီနေ့ လွှတ်တော်ထဲမှာ တရားနာတာတွေ ဘာတွေ လုပ်တယ်ကြားတယ်။ ကျွန်တော်ကတော့ သတင်းပို့ပြီး ပြန်လာတာပေါ့” လို့ တိုင်းလွှတ်တော်တက်ခွင့်ရ မယ့် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေထိုင်ရမယ့် အခန်းတွေနဲ့ စားသောက်ဖို့အတွက်လည်း စီစဉ်ထားပြီလို့ ဆိုပါတယ်။ ဧရာ၀တီတိုင်း အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စားသောက်ရေးစရိတ်နဲ့ ဝေယျာ၀စ္စအတွက် ဒေသခံ လုပ်ငန်းရှင်တွေ ဆီကနေ ထောက်ပံ့ငွေ ကောက်ခံတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ဟုတ်တယ်၊ အဲဒီလိုကြားတယ်။ လုပ်ငန်းရှင်ကြီးတွေပေါ့၊ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့လုပ်ငန်းရှင်တွေဆီကနေ ထောက်ပံ့ငွေသဘော တောင်းနေတာ။ အစိုးရဘက်ဂျက်ကနေလည်း ယူထားပြီးသားကို ထပ်တောင်းနေကြတာ။ အတိအကျတော့ မသိဘူး။ မြို့မှာတော့ အဲဒီလို ပြောနေကြတယ်” လို့ တိုင်းလွှတ်တော်တည်ရှိရာ ပုသိမ်မြို့မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတဦးက ပြောပါတယ်။

မတ်လ၊ ၂၀ ရက်နေ့မှာတော့ တတိယအကြိမ် တိုင်းလွှတ်တော် အစည်းအဝေး ပထမဆုံးနေ့ စတင်ကျင်းပမှာဖြစ်ပြီး လွှတ်တော်သဘာပတိ၊ လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ ရွေးချယ်တာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုတာ လုပ်ကြမယ်လို့ သိရပါတယ်။

တိုင်းလွှတ်တော် ဥက္ကဌအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအေးကျော်၊ ဦးတင်မောင်ဝင်းနဲ့ ဦးထွန်းသိန်းတို့ သုံးယောက်ထဲက တယောက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆို နေကြပါတယ်။

လွှတ်တော်အစည်းအ​ဝေး နောက်ရက်တွေမှာတော့ တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေကို ဆက်လက် ခန့်အပ်သွားမှာဖြစ်ပြီး အကုန်လုံးဟာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ ထဲကပဲ ဖြစ်လာနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

“အဓိကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရတာ ဖြစ်တဲ့အတွက် သူတို့ဖွဲ့ချင်တဲ့အတိုင်း ဖွဲ့မှာပဲ၊ ဒါကတော့ သေချာတယ်။ အဓိက ဘာလဲဆိုတော့ ကိုယ်စားလှယ်တွေ အားလုံးသည် လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်သွားပြီ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်ရမှာလေ။ အဲလို ဆောင်ရွက်ရမယ့် နေရာမှာ အဲလိုမဟုတ်ဘဲနဲ့ ဝန်ကြီးဖြစ်ရေး၊ ဝန်ကြီးချုပ်ဖြစ်ရေးပဲ တွေးခေါ်နေရင် ဒါ သူတို့ကိစ္စ ပေ့ါ” လို့ ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

“(အစိုးရအဖွဲ့နဲ့ လွှတ်တော်မှာ) အားလုံးမျှပြီးတော့ ဖြစ်မယ်ဆိုလို့ရှိရင်တော့ ပိုကောင်းတာပေ့ါ” လို့လည်း သူက ဆက်ပြောပါတယ်။

ထိုင်ခုံ ၇၂ နေရာရှိတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလံးညီညွတ်ရေးပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ ကရင်ပြည်သူ့ပါတီမှ ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)နဲ့ မြန်မာနိုင်ငံရေးတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးတို့ အသီးသီး ထိုင်ခုံရကြမှာပါ။

ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့က ၆၁ ဒသမ ၃ ရာခိုင်နှုန်း၊ဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာနှူန်းကို အသာစီးယူထားပြီး ကျန်ပါတီ တွေက ၁၃ ဒသမ ၇ ရာခိုင်နှုန်းစီ ထိုင်ခုံရကြမှာပါ။

ဧရာ၀တီတိုင်းထဲမှာ ဝင်ပြိုင်ခဲ့တဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါ တီတို့ကတော့ တိုင်းလွှတ်တော်ထဲ ထိုင်ခုံနေရာ တခုမှ မရကြပါဘူး။

ဒါ့ကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေး၊ တစညပါတီသုံးခုပေါင်း ထိုင်ခုံ ၆၂ (၈၆ ရခိုင်နှုန်းကျော်) ခုံရမှာဖြစ်ပြီး တခြားပါတီတွေအားလုံးကတော့ ၁၃ ရာခိုင်နှုန်းကျော်ပဲ ရကြမှာပါ။ အာဏာသိမ်းစစ်ကော်မရှင်တပ်က စိတ်ကြိုက်စီစဉ်ကျင်းပခဲ့တာမို့ အဲဒီလို စစ်တပ်ပါတီ ကြံ့ခိုင်ရေးက နေရာအား လုံးနီးပါအနိုင်ရခဲ့တာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း ပြည်သူ့အသံတွေကို ထပ်ဟင်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။

ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးက “ကိုယ်စားလှယ်တွေကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အနေအ ထားတွေနဲ့ မေးခွန်းတွေ မေးလို့ရမလား၊ မေးခွန်းမေးလို့ရရင်တော့ မေးမှာပေ့ါ။ မေးခွင့်ရ၊ မရဆိုတာက ဘာလဲဆိုတော့ လက်ရှိစစ်မှုထမ်းကိစ္စတွေ ရှိတယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စ​တွေရှိတယ်။ ဘယ်လောက်ပဲ မေးခွန်းမေး မေး လွှတ်တော်ဥက္ကဌက ဒီမေးခွန်းကို ပိတ်ရင် မေးလို့မရဘူး။ ဒါ ဥက္ကဌအပေါ်မူတည်တယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို ဧရာ၀တီတိုင်းအတွင်းကမြို့နယ်အားလုံးအပါအ၀င် နိုင်ငံအဝှမ်း မြို့နယ်ပေါင်း ၂၆၃ မြို့မှာ အသုတ်သုံးသုတ်ခွဲကျင်းပခဲ့ပြီး ငါးနှစ်တာအချိန်ယူ၊ စိတ်ကြိုက်စီမံခဲ့တဲ့ အဲဒီရွေး ကောက် ပွဲမှာ စစ်တပ်အရာရှိကြီးတွေ ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နေရာအားလုံး နီးပါးအနိုင် ရခဲ့တာ တွေ့ပါတယ်။

မနေ့က မတ်လ ၁၆ ရက်နေ့မှာ စစ်ကော်မရှင်က ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခဲ့ပြီး ၁၈ ရက်နေ့မှာ အ မျိုးသားလွှတ်တော်နဲ့ ၂၀ ရက်နေ့မှာ တိုင်း/ပြည်နယ်လွှတ်တော်အစည်းအဝေးတွေကို စတင်ကျင်းပသွားမယ်လို့ ကြေငြာထားတာပါ။

၂၀၂၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဧရာ၀တီဖက်ဒရယ်ယူနစ်လွှတ်တော်ကို ကျင်းပနေပြီး ရွေးကောက်ပွဲ အနိုင်ရ ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ဦး ဦးဆောင်တဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် လွှတ်တော်နဲ့ လွှတ်တော်က ဖွဲ့စည်းလာမယ့် ဘယ်အဖွဲ့အစည်း ကိုမဆို အသိအမှတ် မပြုကြောင်း လွှတ်တော်မှာ အဆိုတင်၊ ကြေငြာထားပါတယ်။