
“မိုးများနိုင်တဲ့ ဒေသထဲမှာတော့ ဧရာဝတီတိုင်းမပါဘူး။ ဒါပေမယ့် မိုးဖွဲကျချိန်ကြာမယ် အချိန်ကြာကြာ ကျနိုင်တာကြောင့် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲ သီးနှံတွေကို ဖုံးကာထားသင့်တယ် ”
၁၁၊ မတ်လ။
ဒီကနေ့ (မတ်လ ၁၁)စပြီး ၃ ရက်အတွင်းမှာ ဧရာဝတီတိုင်း တတိုင်းလုံး မိုးဖွဲချဖို့ရှိနေပြီး မိုးရေချိန်ဟာ ၂ မီလီမီတာအောက်မှာပဲရှိနိုင်တာကြောင့် နွေစပါးနဲ့ မတ်ပဲ သိမ်းနေကြတဲ့ တောင်သူလယ်သမားတွေ အနေနဲ့ ဂရုစိုက်ကြဖို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။
“ ဧရာဝတီဆိုရင် မနေ့ကလည်း(မတ် ၁၀) မိုးဖွဲကျတဲ့ နေရာလေးတွေရှိတယ်။ နေရာအနှံ့ တပြိုင်တည်းကျမှာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီ ၃ ရက်အတွင်းမှာ ဟိုမှာရွာလိုက် ဒီမှာရွာလိုက်နဲ့ နေရာအနှံ့ဖြစ်သွားနိုင်တယ်ပေါ့။ မိုးဖွဲပဲဆိုပေမယ့် စိတ်ချမထားသင့်ဘူး ပုံမှန်ဆိုလည်း ဒီအချိန်တွေက လက်ဆေးမိုး ရွာတတ်တဲ့အချိန်တွေ ဖြစ်တယ်” လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ဝန်ထမ်းတဦးက ဆိုပါတယ်။
ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာတော့ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ။ ညောင်တုန်း၊ အိမ်မဲ၊ ဆားမလောက်၊ ပန်းတနော်၊ ကျုံမငေး၊ အသုတ် စတဲ့ဒေသတွေမှာ မိုးဖွဲကျနိုင်ပါတယ်။ ကျန်ဒေသတွေမှာတော့ မတ်လ ၁၂၊ ၁၃ ရက်တွေမှာ သတိထား စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
မိုးဇလပညာရှင် ဦးဝင်းနိုင်ကတော့ တောင်တရုတ်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့တွေက တဆင့် တနင်္သာရီတိုင်းတောင်ပိုင်း ကိုဖြတ်သန်းပြီး ကပ္ပလီပင်လယ်/ဘင်္ဂလားပင်လယ်အော်တို့မှတဆင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းဝင်ရောက်လာသော လေစီးကြောင်းနဲ့ အတူပါလာတဲ့ မိုးတိမ်တွေကြောင့် မတ်လ ၁၆ ရက်နေ့အထိ မိုးအုံ့နိုင်၊ မိုးဖွဲကျနိုင်တယ်လို့ ဆိုပါတယ်။
“မိုးများနိုင်တဲ့ ဒေသထဲမှာတော့ ဧရာဝတီတိုင်းမပါဘူး။ ဒါပေမယ့် မိုးဖွဲကျချိန်ကြာမယ် အချိန်ကြာကြာ ကျနိုင်တာကြောင့် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲ သီးနှံတွေကို ဖုံးကာထားသင့်တယ် ” လို့ အကြံပြုထားပါတယ်။
တဆက်တည်းမှာပဲ လေထုညစ်ညမ်းမှုဟာလည်း လျော့ကျလိုက် မြင့်တက်လိုက်ဖြစ်နေပေမယ့် အန္တရာယ်ရှိ အဆင့်ထိ မြန်မြန်ဆန်ဆန် ပြန်လည် မြင့်တက်နိုင်တာေကြာင့် လေထုညစ်ညမ်းမှုကိုလည်း ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။