မကြာခင် ပဋိပက္ခတွေ ပြီးဆုံးနိုင်တယ်လို့ ပြောပေမယ့် အီရန်စစ်ပွဲအရှိန်မြှင့်မယ်လို့ ထရမ့် ခြိမ်းခြောက်

ကမ္ဘာ့ရေနံလိုအပ်ချက် ငါးပုံတပုံလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ဖို့ ကြိုးစားမယ်ဆိုရင် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အခုထက် အဆပေါင်းများစွာ ပြင်းထန်လာလိမ့်မယ်လို့ ထရမ့်က သတိပေးလိုက်ပါတယ်။

၁၀၊ မတ်။

အီရန်နိုင်ငံဘက်ကနေ အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံတင်ပို့မှုတွေကို ပိတ်ဆို့မယ်ဆိုရင် စစ်ပွဲကို အရှိန်မြှင့်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၉ ရက်၊ တနင်္လာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ဒါပေမဲ့ တဘက်မှာလည်း ဒီပဋိပက္ခဟာ မကြာခင် ပြီးဆုံးသွားလိမ့်မယ်လို့ သူက ခန့်မှန်းထားပါတယ်။

အီရန်ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဟာ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီနောက်မှာ ရပ်တည်နေကြပြီး အလွယ်တကူနောက်ဆုတ်မယ့်ပုံ မရှိဘူးဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်တွေ ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာပဲထရမ့်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ အီရန်ရဲ့ လေတပ်နဲ့ ရေတပ်ကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။

အောင်ပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သူက တိတိကျကျ မပြောပေမဲ့ အစောပိုင်းက သူသတ်မှတ်ထားတဲ့ သီတင်းပတ် လေးပတ်ထက် စောပြီးစစ်ပွဲပြီးသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ရေနံလိုအပ်ချက် ငါးပုံတပုံလောက် ဖြတ်သန်းနေတဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ဖို့ ကြိုးစားမယ်ဆိုရင် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အခုထက် အဆပေါင်းများစွာ ပြင်းထန်လာလိမ့်မယ်လို့ သူက သတိပေးလိုက်ပါတယ်။

“သူတို့ရော၊ သူတို့ကို ကူညီနေတဲ့သူတွေပါ ကမ္ဘာ့ဒီအစိတ်အပိုင်းမှာ ဘယ်တော့မှ ပြန်မထူနိုင်အောင် ကျွန်တော်တို့အပြင်းအထန် ချေမှုန်းသွားမှာပါ”လို့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဒေသကနေ ရေနံ တလီတာတောင်အပြင်ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။

“ဒီစစ်ပွဲ ဘယ်တော့ပြီးမလဲဆိုတာကို ကျွန်တော်တို့ပဲ ဆုံးဖြတ်မှာပါ”လို့ ပြောရေးဆိုခွင့်ရှိသူတဦးရဲ့ ပြောကြားချက်ကို အစိုးရသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒီလို မရေမရာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ဈေးကွက်ဟာလည်း အတက်အကျ သိပ်ကို ကြမ်းနေပါတယ်။

ရေနံဈေးတွေ ထိုးတက်ပြီး ရှယ်ယာဈေးကွက်တွေ ပြုတ်ကျခဲ့ပေမဲ့ စစ်ပွဲမကြာခင်ပြီးမယ်ဆိုတဲ့ ထရမ့်ရဲ့ ခန့်မှန်းချက်နဲ့ ရုရှားစွမ်းအင်အပေါ် ပိတ်ဆို့မှုတွေ လျှော့ချပေးနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဈေးကွက်က ပြန်ပြီး ငြိမ်သွားပါတယ်။

အသက် ၅၆ နှစ်အရွယ် ခါမေနီဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေကြားမှာ ဩဇာကြီးတဲ့ ရှီအိုက်ဘာသာရေးခေါင်းဆောင်တဦး ဖြစ်ပါတယ်။

ထရမ့်ကတော့ သူ့ကို အသိအမှတ်မပြုနိုင်ဘူးလို့ ပြောထားပြီး အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆိုထားပါတယ်။

အီရန်အစိုးရ သတင်းဌာနတွေမှာတော့ ခေါင်းဆောင်သစ်ကို ထောက်ခံတဲ့ လူအုပ်ကြီးက အီရန်အလံတွေနဲ့အတူ စစ်ပွဲပထမဆုံးနေ့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ခေါင်းဆောင်ဟောင်း အလီခါမေနီရဲ့ ပုံတွေကို ကိုင်ဆောင်ပြီး မြို့အနှံ့မှာဆန္ဒပြနေကြတာကို ပြသနေပါတယ်။

အစ္စဖာဟန်မြို့က သမိုင်းဝင် အီမာမ်ရင်ပြင်မှာ ထောက်ခံသူတွေ စုဝေးပြီး “ဘုရားသခင်ဟာ အကြီးမြတ်ဆုံးပဲ” လို့ ကြွေးကြော်နေကြတဲ့အချိန်မှာပဲ အနီးအနားမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သံတွေ ကြားနေရတယ်လို့ အစိုးရရုပ်သံက ထုတ်လွှင့်သွားပါတယ်။

ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အီရန်ပြည်သူတွေရဲ့ သဘောထားဟာ ကွဲပြားနေပါတယ်။ အစိုးရထောက်ခံသူတွေကခေါင်းဆောင်သစ်ကို ကြိုဆိုကြပေမဲ့ ကန့်ကွက်သူတွေကတော့ အပြောင်းအလဲအတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားမှာကို စိုးရိမ်နေကြပါတယ်။

“သူ့အဖေ သေသွားရင် ဒီစနစ်ကြီး ပြိုလဲသွားမယ်လို့ ထင်နေတဲ့ ရန်သူတွေကို ပါးရိုက်လိုက်တာပါပဲ။ ကျွန်မတို့ ခေါင်းဆောင်ဟောင်း ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ဆက်သွားမှာပါ”လို့ တီဟီရန်မြို့က အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ ဇာရာ မာဘာဂါရီက ပြောပါတယ်။

တကယ်တော့ အီရန်ပြည်သူအတော်များများဟာ အစောပိုင်းက ခါမေနီကြီး သေဆုံးမှုကို ပျော်ပွဲရွှင်ပွဲလုပ်ပြီး ဆင်နွှဲခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကပဲ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တာကြောင့် ၁၉၇၉ တော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံး အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။

“တော်လှန်ရေးအစောင့်တပ်နဲ့ ဒီစနစ်ကြီးက အားကောင်းနေတုန်းပဲ။ ဒီအစိုးရကို ကာကွယ်ဖို့ တိုက်ပွဲဝင်မယ့် စစ်သား သောင်းနဲ့ချီ ရှိနေတယ်။ ကျွန်တော်တို့ ပြည်သူတွေမှာတော့ ဘာမှမရှိဘူး” လို့ အာရက်မြို့က စီးပွားရေးသမားတဦးဖြစ်တဲ့ ဘာဘတ်က ပြောပါတယ်။

အီရန်ရဲ့ ဘာသာရေးအုပ်ချုပ်မှုစနစ်ကို ဖြုတ်ချဖို့က သူတို့ရဲ့ စစ်ပွဲရည်မှန်းချက်ပဲလို့ အစ္စရေးက ဆိုပါတယ်။

အမေရိကန် တာဝန်ရှိသူတွေကတော့ အီရန်ရဲ့ ဒုံးကျည်စွမ်းရည်နဲ့ နျူကလီးယားစီမံကိန်းကို ဖျက်ဆီးဖို့လို့ အဓိကပြောကြပေမဲ့ ထရမ့်ကတော့ သူတို့စကားနားထောင်မယ့် အစိုးရတရပ် တက်လာမှပဲ ဒီစစ်ပွဲ ပြီးဆုံးနိုင်မယ်လို့ ပြောထားပါတယ်။

အီရန်အနေနဲ့ ရန်လိုတဲ့မူဝါဒတွေကို မရပ်တန့်ဘူးဆိုရင် ခါမေနီကြီးရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်လို့လည်း အစ္စရေးက ပြောဆိုထားပါတယ်။

စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ သယ်ယူပို့ဆောင်ရာမှာ အဓိကကျတဲ့ ဟော်မုဇ် ရေလက်ကြားဟာ ပိတ်ဆို့သွားပါတယ်။ ရေနံတင်သင်္ဘောတွေ သွားလာလို့မရတာ တပတ်ကျော်နေပြီဖြစ်လို့ သိုလှောင်ရုံတွေ ပြည့်သွားပြီး ရေနံထုတ်လုပ်သူတွေလည်း ထုတ်လုပ်မှု ရပ်ဆိုင်းထားရပါတယ်။

 

Ref – Reuters