
“ မဆပ်နိုင်ရင် တရားစွဲမယ်ပြောတယ်။ ရှာကြည့်ရမှာပေါ့။ မရတော့လည်း ဆွဲပေါ့ ဘယ်တတ်နိုင်ပါ့မလဲ ”
၀၇၊ မတ်လ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ် အပိုင်ထဲမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (စိုက်ဘဏ်)က ချေးငွေဆပ်ဖို့ ဆင့်ခေါ်စာပို့ရာမှာ ချေးငွေဆပ်ပြီး သူများကိုပါ ဒဏ်တိုးပေးဆောင်ဖို့ဟုဆိုကာ ဆင့်ခေါ်မှု ပြုလုပ်နေပါတယ်။
“ ကျွန်တော်က ဆပ်ပြီးသားပါ။ အဲ့ဒါကို ဆပ်ပြီးသားလည်း ၂၀၂၅ ကမှ ဆပ်တာမို့ ဒဏ်တိုးပေးရမယ်ဆိုတာမျိုးပြောတယ်။ တော်တော်ရှင်းယူလိုက်ရပြီး ငွေကြေပြိးကြောင်း အထောက်အထားတွေ ပြနိုင်လို့မို့ ဒီတိုင်းပြန်လွှတ်လိုက်တယ် ” လို့ ငွေဆပ်ပြီးပေမယ့် ဆင့်ခေါ်စာ ပို့ခံရသူ တဦးက DNA ကိုပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို ၂၀၁၇ ကစလို့ ၂၀၂၀ ခုနှစ်ထိကျန်ရှိနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်ဆပ်ဖို့အတွက် ဟင်္သာတခရိုင် စိုက်ဘဏ်ကနေ ၂၀၂၅ ခုနှစ်ကတည်းက ဆင့်ခေါ်စာတွေ ဆက်တိုက်ပေးပို့နေတာဖြစ်ပါတယ်။
ဒီလိုဆင့်ခေါ်ရာမှာလည်း ချေးငွေနဲ့ အတိုးအပြင် ဒဏ်တိုးလို့ဆိုပြီး အတိုးနှစ်ဆ ကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ၂၀၁၇ ကတည်းကနေ ရာသီဥတု၊ ကိုဗစ်၊ နောက်ဈေးကွက်မတည်ငြိမ်တာတွေကြောင့် လယ်သမား၊ ကိုင်းသမားတွေ တချို့က ချေးငွေကို မဆပ်နိုင်ကြဘူး။ အဲ့ဒါကို အခုက အတိုးက ၅ သိန်းကျတယ်ဆိုရင် ဒဏ်တိုးဆိုပြီး ၅ သိန်းထပ်တောင်းတယ်။ အတိုးနှစ်ထပ် ပုံစံမျိုးတောင်းတာ။ အဲ့ဒါအပြင် မနှစ်က ဆပ်ပြီးသားလူတွေကိုပါ ဒဏ်တိုးတောင်းဖို့ လုပ်တဲ့အကွက်တွေပေါ့ ” လို့ စိုက်ဘဏ် ချေးငွေကိစ္စကို လိုက်လံကူညီဖြေရှင်းပေးနေသူ တဦးက ရှင်းပြပါတယ်။
ပုံမှန်အားဖြင့် တောင်သူလယ်သမားတွေဟာ စိုက်ဘဏ်ချေးငွေကို တနှစ်တခါ ထုတ်ပြီး လယ်သိမ်းချိန်မှာ ပြန်ဆပ်လေ့ရှိကြသလို ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်ထိခိုက်မှုတွေ အတွက် ဖြေလျော့မှုတွေလည်း ရှိခဲ့တာကြောင့် ဈေးကွက်မှာ အရှုံးပေါ်ခဲ့ရင်တောင် ချေးငွေကို ပြန်ဆပ်နိုင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၁၇ – ၂၀၁၈ စိုက်ပျိုးရာသီမှာ ဟင်္သာတခရိုင်အတွင်းက ဒေသတချို့မှာ ကမ်းပြိုမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ပြီး၊ လေဘေးကြောင့် အိမ်ထောင်စု ၁၃၀၀ ကျော် ဘေးသင့်ခဲ့တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဟင်္သာတခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ဒီချေးငွေတွေက NLD လက်ထက်က ချေးငွေတွေဖြစ်ပြီး တချို့ဟာတွေက ဖြေလျော့ဖို့ အလားအလာရှိတဲ့ ဟာတွေပေါ့နော်။ဒါပေမယ့် ကိုဗစ်ဖြစ်တယ် ။ အာဏာသိမ်းတယ်။ အာဏာသိမ်း ပြီးတော့လည်း လယ်သမားတွေမှာ ဈေးကွက်ကြောင့် ဆက်တိုက်ရှုံးတယ်။ ဆပ်ရမယ်ဆိုရင်တောင် အရင်းနဲ့ အတိုးပဲဆို တော်သေးတာပေါ့။ အခုက ဒဏ်တိုးဆိုတာက မဖြစ်သင့်ဘူး ” လို့ ဆင့်ခေါ်စာအပို့ခံရသူ တဦးက ပြောပါတယ်။
သူဟာ ချေးငွေ ၁၇ သိန်းအတွက် အတိုး ၁၂ သိန်းပေးဆောင်ရမယ့် အခြေအနေမှာရှိနေပြီး ဒီနှစ်ဆောင်းသီးနှံ့ မတ်ပဲစိုက်ပျိုးရာမှာလည်း ရောဂါကြောင့် ပဲခင်းတွေ ဝါသွားခဲ့တာကြောင့် နှစ်ဧကကျော် ပျက်ဆီး ဆုံးရှုံးထားသူ ဖြစ်ပါတယ်။
“ မဆပ်နိုင်ရင် တရားစွဲမယ်ပြောတယ်။ ရှာကြည့်ရမှာပေါ့။ မရတော့လည်း ဆွဲပေါ့ ဘယ်တတ်နိုင်ပါ့မလဲ ” လို့ သူက ဆက်ပြောပါတယ်။
ဟင်္သာတမြို့ပေါ်မှာနေထိုင်တဲ့ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်နေသူက ယခုလိုမျိုး ဒဏ်တိုးပေးဆောင်ဖို့ ဆင့်ခေါ်ခံရသူတွေဟာ ဟင်္သာတမြို့နယ်ထဲမှာ အနည်းဆုံး ၂၀၀ ဝန်းကျင်မှာရှိနေတယ်လို့ သူ့မှာရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီးပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ DNA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
နိဗ္ဗာန်တိုက်နယ်က ဒေသခံတွေကတော့ နိဗ္ဗာန်ရဲစခန်းမှာပဲ ဖြေရှင်းရပြီး မပြေလည်သူတွေကို ဟင်္သာတရဲစခန်းမှာ ဆက်လက်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။