အမေရိကန်စစ်ရေးပစ်မှတ်တွေကို အီရန်အတွက် ရုရှားက ထောက်လှမ်းပေးနေ

ရုရှားဟာ အီရန်ခေါင်းဆောင်ပိုင်းက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကရင်မလင်နန်းတော်ကသောကြာနေ့မှာ ပြောပါတယ်။

၇၊ မတ်။

 အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေရဲ့ တည်နေရာတွေ အပါအဝင် ပစ်မှတ်ထားတိုက်ခိုက်ဖို့လိုအပ်တဲ့ အချက်အလက်တွေကို ရုရှားက အီရန်ကို ထောက်ပံ့ပေးနေတယ်လို့ အဆိုပါကိစ္စနဲ့ ပတ်သတ်တဲါ

အရာရှိသုံးဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး

ဝါရှင်တန်ပို့စ်သတင်းစာက သောကြာနေ့မှာ ဖော်ပြထားပါတယ်။

 ရုရှားက အီရန်ကို ဘယ်လောက် အတိုင်းအတာအထိ ကူညီနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ပြီးခဲ့တဲ့အပတ်က တီဟီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်ခဲ့ကတည်းက အမေရိကန်တပ်ဖွဲ့တွေကို ရှာဖွေနိုင်တဲ့ အီရန်စစ်တပ်ရဲ့ ကိုယ်ပိုင်စွမ်းရည်က ကျဆင်းသွားခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။

 အဲဒီနောက်မှာတော့ စစ်ပွဲက ပိုပြင်းထန်လာပြီး အီရန်ဘက်ကလည်း လက်စားချေတိုက်ခိုက်မှုတွေ လုပ်လာပါတယ်။

အမေရိကန်၊အစ္စရေးနဲ့ သူတို့ရဲ့ မဟာမိတ်တွေကို ကြီးမားတဲ့ ပေးဆပ်မှုတွေဖြစ်အောင် အီရန်က ကြိုးစားနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေလည်း စစ်မီးထဲမှာ ပါဝင်ပတ်သက်လာရပါတယ်။

 ကူဝိတ်နိုင်ငံ ရှုဝိုက်ဘာ ဆိပ်ကမ်းမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတခုကို ဒရုန်းနဲ့ ဝင်တိုက်ခဲ့တာကြောင့် အရန်တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုထားပါတယ်။

ပဋိပက္ခကြောင့် အမေရိကန်စစ်သည်တွေ ထပ်ပြီး သေဆုံးနိုင်ခြေရှိတယ်လို့ ထရမ့်နဲ့ တခြားအဆင့်မြင့်အရာရှိတွေက သတိပေးထားပါတယ်။

အီရန်ကို ရုရှားက ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက တိုက်ရိုက် မှတ်ချက်မပေးခဲ့ပါဘူး။

“အီရန်အစိုးရဟာ အကြီးအကျယ် ချေမှုန်းခံနေရပါတယ်။ သူတို့ရဲ့ ဒုံးကျည်နဲ့ လက်စားချေနိုင်စွမ်းကလည်း နေ့တိုင်း ကျဆင်းနေသလို ရေတပ်ကလည်း ပြတ်ပြတ်စင်အောင် အတိုက်ခံနေရပါတယ်။ ထုတ်လုပ်မှုပိုင်းတွေလည်း ပျက်စီးကုန်ပြီး သူတို့ရဲ့လက်ဝေခံအဖွဲ့တွေဆိုရင်လည်း ပြန်တိုက်ဖို့တောင် မနည်းရုန်းကန်နေရတယ်”လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ထုတ်ပြန်ချက်ကနေတဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

 ရုရှားဟာ အီရန်ခေါင်းဆောင်ပိုင်းက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကရင်မလင်နန်းတော်ကသောကြာနေ့မှာ ပြောပါတယ်။

ဒါပေမဲ့ မော်စကိုက တီဟီရန်ကို ကူညီနေသလားလို့ သတင်းထောက်တွေက မေးတဲ့အခါမှာတော့အသေးစိတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

 အဆိုပါ ပဋိပက္ခဟာ ရုရှားအတွက်တော့ မထင်မှတ်ဘဲ အားဆေးတခွက် ဖြစ်လာပါတယ်။ ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝယ်လိုအားတွေ သိသိသာသာ တက်လာတာကြောင့် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ပို့ကုန်ကဏ္ဍက ပြန်ဦးမော့လာပါတယ်။

 တဘက်မှာလည်း ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကို အမေရိကန်က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေးထားတာမျိုး ရှိပါတယ်။

 Ref – Reuters