​​ဧရာဝတီကမ်းရိုးတန်းက ငါးဖမ်းစက်လှေသမားတွေ စက်သုံးဆီဈေးတက်ပြီး ဝယ်ရခက်ခဲနေ

“ဟိုင်းကြီးကျွန်း ဒေသတွင်းမှာတော့ တရားဝင်လိုင်စင်ရှိတဲ့ ဆီဆိုင်တွေ မရှိဘူး။ စက်ထောင်ပြီး လိုင်းကြေးပေးရောင်းကြတဲ့ ဆိုင်မျိုးတွေပဲ ရှိတယ်။ အခုက လူတယောက်ကို နှစ်သောင်းဖိုးအထိပဲ ရောင်းမယ်လည်း ပြောတယ်။ လူတွေကတော့ စိုးရိမ်ပူပန်ကြပြီး ဆီတွေဝယ်စုနေကြပြန်ပါပြီ။

၅၊ မတ်လ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်ကောင်းမြို့နယ်နဲ့ ဟိုင်းကြီးကျွန်းမြို့နယ်ကြားက ကမ်းရိုးတန်းကျေးရွာတွေမှာ စက်သုံးဆီဝယ်ရခက်နေပြီ ဖြစ်သလို ဆီစျေးတွေလည်း အစမတန် တက်လာတဲ့အတွက် ဒေသခံတွေနဲ့ ငါးဖမ်းစက်လှေသမားတွေ လုပ်ငန်းခွင် လည်ပတ်ရေးအတွက် အခက်ကြုံနေရပါတယ်။

“ပုသိမ်နဲ့ လှေမောင်းရင် ၁၇ နာရီကြာတယ်။ ပုသိမ်က ဆီကိုပဲ အားကိုးရတာ။ ပုသိမ်ဆိုင်တွေက ပီပါလိုက် အပြင်မရောင်းတော့ဘူး။ အဲ့တော့ လူတိုင်း တကိုယ်ရေသုံးစာ ရသလောက်စုရတယ်။ အခုရွာမှာ ဓါတ်ဆီ တလီတာ ၅၀၀၀ (ကျပ်) ဖြစ်နေပြီ။ နောက်ရက် ဈေးထပ်တက်နိုင်တယ်”လို့ ငါးဖမ်းစက်လှေသမားတဦးက ပြောပါတယ်။

ပုသိမ်မြို့ပေါ်က စက်သုံးဆီဆိုင်တွေမှာလည်း ကားနဲ့ ဆိုင်ကယ်တွေကိုသာ ကန့်သတ်ချက်နဲ့ ရောင်းချပေးနေပြီး နယ်ဝေးဒေသတွေအတွက် အဓိကအားကိုးနေရတဲ့ ပီပါလိုက် ရောင်းချမှုတွေကိုလည်း ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ ဆီကို ရသလောက် တကိုယ်ရေသုံးစာအဖြစ် အလုအယက် ဝယ်ယူစုဆောင်းနေကြလို့ မီးဘေးအန္တရာယ် စိုးရိမ်စရာတွေလည်း ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိလာပါတယ်။

စက်သုံးဆီ တရားဝင်ရောင်းစျေးဟာ 92  ၂၄၉၀ ကျပ်၊ 95 ၂၅၅၀ ကျပ်၊ ဒီဇယ်  ၂၆၃၅  ကျပ်နဲ့ Premium   ၂၉၁၅ ကျပ်ဆိုပြီး ရှိနေပေမဲ့ မြေပြင်စျေးနှုန်းတွေနဲ့ များစွာ ကွာဟမှုတွေ ရှိနေပါတယ်။

“အဲစျေးတွေက စာရွက်နဲ့ ဘေဘုတ်တွေပေါ်မှာပဲရှိတော့တယ်။ အပြင်မှာက ၅၀၀၀ ဝန်းကျင်ကို ရောင်းဝယ်နေကြပြီ။ သာမန်လက်လုပ်လက်စားတွေ ဒုက္ခပင်လယ်ဝေမယ့် နေ့ရက်တွေပေါ့ဗျာ။ စျေးတက်ချင်တော့ လောလောဆယ်မှာ ဆီမှာမရတော့ဘူးပြောပြီး ဆိုင်တွေပိတ်ထားကြတာလည်းရှိတယ်။ စက်လှေအသေးလေးတွေက ဒီဇယ်ဝယ်မရတော့ လှေထွက်လို့ မရကြတော့ဘူး”လို့ ခမောက်မော် ဒေသခံတဦးကလည်း ပြောပါတယ်။

အထူးသဖြင့် ငါးဖမ်းစက်လှေတွေအတွက် အဓိကကျတဲ့ ဒီဇယ်ဆီဟာ ဝယ်ယူရ အကျပ်အတည်းဆုံးဖြစ်နေပြီး လှေအများစုမှာ ဆီလက်ကျန် တပတ်စာခန့်သာ ရှိတော့တာကြောင့် အရေးပေါ်ကိစ္စတွေအတွက် ချန်ထားရပြီး ငါးဖမ်းထွက်ဖို့တောင် မဝံ့မရဲ ဖြစ်နေကြရပါတယ်။

“ကျွန်တော်တို့ဆီကိုတော့ ဘယ်သူဘယ်လောက်ရောင်းရမယ်ဆိုတာ ညွှန်ကြားထားတာမျိုးတော့ အခုထိမရှိပါဘူး။ ကျွန်တော်တို့ကတော့ ပုံမှန်ရောင်းနေတာပဲ”လို့ ပုသိမ်မြို့ မြင့်မြတ်ထွဋ်ခေါင် စက်သုံးဆီအရောင်းဆိုင်က တာဝန်ရှိသူဦးက ရှင်းပြပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အာရှနိုင်ငံတွေကို အဓိက ရိုက်ခတ်လာပြီး စက်သုံးဆီ စျေးကွက်တွေမှာ အခုလို သက်ရောက်မှုတွေ ရှိလာတာပါ။ စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သားမိသားစုတွေရဲ့ စားဝတ်နေရေးကိုတိုက်ရိုက်ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အခက်ကြုံလာရတာပါ။

“ဟိုင်းကြီးကျွန်း ဒေသတွင်းမှာတော့ တရားဝင်လိုင်စင်ရှိတဲ့ ဆီဆိုင်တွေ မရှိဘူး။ စက်ထောင်ပြီး လိုင်းကြေးပေးရောင်းကြတဲ့ ဆိုင်မျိုးတွေပဲ ရှိတယ်။ အခုက လူတယောက်ကို နှစ်သောင်းဖိုးအထိပဲ ရောင်းမယ်လည်း ပြောတယ်။ လူတွေကတော့ စိုးရိမ်ပူပန်ကြပြီး ဆီတွေဝယ်စုနေကြပြန်ပါပြီ။ ဆီဝယ်တာက အကြာင်းမဟုတ်ပေမဲ့ မထားတတ်ရင် မီးလောင်မှုက အရမ်းအန္တရာယ်များလာမှာ”လို့ ခမောက်မော်ဒေသခံက သူ့ရဲ့ စိုးရိမ်ချက်ကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိလို့ ဆီပြတ်လပ်စရာမရှိကြောင်း စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြောထားပေမဲ့ လက်တွေ့နဲ့ ကွာခြားမှုတွေ ရှိနေတယ်လို့ အွန်လိုင်းမှာ သုံးသပ်မှုတွေ ရှိနေပါတယ်။