အစ္စရေးနိုင်ငံဘက်ကို အီရန်က ဒုံးကျည်တွေနဲ့ ထပ်မံပစ်ခတ်

ဖေဖော်ဝါရီလ ၂၈ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်-အီရန် စစ်ပွဲဟာ အခုသီတင်းပတ်တွင်းမှာ သိသိသာသာ ကျယ်ပြန့်လာနေတာပါ။

၅ ၊ မတ်လ

ဒီကနေ့ မတ်လ ၅ရက်နေ့ အစောပိုင်းမှာ အီရန်က အစ္စရေးနိုင်ငံဘက်ကို ဒုံးကျည်အမြောက်အမြား ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေ ချက်ချင်း မသိရသေးဘူးလို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့တယ်လို့ AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နှစ်နာရီအတွင်း သတိပေးချက် သုံးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပြီး ဂျေရုဆလင်မြို့ပေါ်မှာ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်လို့ Agence France-Presse မှ သတင်းထောက်တွေက ပြောပါတယ်။

လက်ရှိမှာတော့ အစ္စရေးစစ်တပ်က ပြည်သူတွေကို ဗုံးခိုကျင်းတွေထဲက ထွက်ခွင့်ပြုလိုက်ပါပြီ။

ဗုဒ္ဓဟူးနေ့က သီရိလင်္ကာနိုင်ငံအနီးမှာ အမေရိကန် ရေငုပ်သင်္ဘောတစ်စင်းက အီရန်စစ်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာမှာ လူပေါင်း ၈၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အီရန်က တူရကီနိုင်ငံကို ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ရာမှာ NATO လေကြောင်းကာကွယ်ရေးစနစ်က ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်-အီရန် စစ်ပွဲဟာ အခုသီတင်းပတ်တွင်းမှာ သိသိသာသာ ကျယ်ပြန့်လာနေတာပါ။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနိစ်နဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီတို့က အရှေ့အလယ်ပိုင်းမှာ အခြေအနေတွေ လျော့ပါးသက်သာစေဖို့ တောင်းဆိုလိုက်ပေမယ့် အီရန်အနေနဲ့ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်တဲ့ အခြေအနေ မရောက်မချင်း အပစ်အခတ်ရပ်စဲရေး မလုပ်သင့်ဘူးလို့ အကြံပြုထားပါတယ်။

Ref – BBC