ဟော်မုဇ်ရေလက်ကြားဖြတ်မယ့် ရေနံတင်သင်္ဘောတွေကို အမေရိကန်ရေတပ်က လုံခြုံရေးလိုက်ပေးမယ်လို့ ထရမ့်ပြော

“ဘယ်လိုအခြေအနေမျိုးမှာမဆို ကမ္ဘာကြီးဆီကို စွမ်းအင်တွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်ဖို့ အမေရိကန်ကအာမခံပေးသွားမယ်” လို့ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

၄၊ မတ်။

လိုအပ်ရင် အမေရိကန်ရေတပ်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်မယ့် ရေနံတင်သင်္ဘောတွေကို လုံခြုံရေးလိုက်ပေးနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃ ရက်နေ့ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ပင်လယ်ကွေ့အတွင်းက ရေကြောင်းကုန်သွယ်မှုတွေအတွက် နိုင်ငံရေးအရ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်အာမခံပေးဖို့နဲ့ ငွေကြေးဆိုင်ရာ အာမခံချက်တွေပေးဖို့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ဘဏ္ဍာရေးကော်ပိုရေးရှင်း (DFC) ကို ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ကြေညာချက်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အဓိက ရေကြောင်းလမ်းတွေမှာအန္တရာယ်တွေ များနေချိန် တက်ရိပ်ပြနေတဲ့ စွမ်းအင်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့နဲ့ ရေနံဈေးကွက်ကို ငြိမ်သက်အောင်လုပ်ဖို့ ထရမ့်အစိုးရရဲ့ အပြင်းထန်ဆုံး ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

အီရန်ကတော့ ဟော်မုဇ်ရေလက်ကြားထဲ ဝင်လာတဲ့ ဘယ်သင်္ဘောကိုမဆို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ အစ္စရေးနဲ့ အမေရိကန်တပ်ဖွဲ့တွေက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ရေနံစိမ်းဈေးတွေဟာ ထိုးတက်သွားခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲတွေကြောင့် အရှေ့အလယ်ပိုင်းက ရေနံတင်သင်္ဘောတွေသွားလာမှုကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့တာပါ။

ဒါပေမဲ့ စစ်သင်္ဘောတွေနဲ့ စောင့်ရှောက်ပေးတာရော DFC ရဲ့ အာမခံချက်တွေကပါ တက်နေတဲ့ ရေနံဈေးကို တားဆီးဖို့ လုံလောက်ပါ့မလားဆိုတာကို သင်္ဘောပိုင်ရှင်တွေနဲ့ လေ့လာဆန်းစစ်သူတွေက သံသယရှိနေကြပါတယ်။

၂၀၁၉ မှာ စတင်ခဲ့တဲ့ DFC ဆိုတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက စီမံကိန်းတွေကို ပံ့ပိုးပေးဖို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အစိုးရအေဂျင်စီတခု ဖြစ်ပါတယ်။

ထရမ့်ကတော့ အမေရိကန်ပြည်သူတွေအတွက် လောင်စာဆီဈေး သက်သာစေဖို့ကို သူ့ရဲ့ စီးပွားရေးမူဝါဒမှာ အဓိကထားခဲ့တာပါ။

အခုလုပ်ဆောင်ချက်က ကမ္ဘာ့ရေနံစိမ်း ထောက်ပံ့မှုတွေ ပြတ်တောက်မသွားအောင် ဘဏ္ဍာရေးရော စစ်ရေးအရပါလက်နက်သဖွယ် အသုံးပြုဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

“ဘယ်လိုအခြေအနေမျိုးမှာမဆို ကမ္ဘာကြီးဆီကို စွမ်းအင်တွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်ဖို့ အမေရိကန်ကအာမခံပေးသွားမယ်” လို့ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နောက်ထပ် လုပ်ဆောင်ချက်တွေလည်း လာဦးမယ်လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်တွေအနေနဲ့ ရေနံဈေးတက်တာကို ခဏလောက်တော့ တောင့်ခံရနိုင်ပေမဲ့ “ဒါတွေပြီးသွားတာနဲ့ ရေနံဈေးတွေဟာ အရင်ကထက်တောင် ပိုကျသွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်” လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တကယ်လို့ စွမ်းအင်ဈေးတွေ ဆက်ပြီး တက်နေဦးမယ်ဆိုရင်တော့ နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာကို ဆက်ထိန်းထားဖို့ ကြိုးစားနေတဲ့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်အမတ်တွေအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

Ref – Reuters