
“ရေက ခုရက်တွေက လပြည့်ဆိုတော့ ရေထရက်ပါ။ ရေက ည ၁၂ ဆို ရေပြည့်ပါတယ်။ သဲသောင်ကမ်းခြေက အမှိုက်တွေကို ပင်လယ်ထဲ ဆွဲချသွားတာမျိုး
၄၊ မတ်။
မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက် အစွန်ဆုံးမှာ ရှိနေတဲ့ မော်တင်စွန်း ဆံတော်ရှင် စေတီရဲ့ ဘုရားပွဲတော်ဟာ မတ်လ ၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကနေ စတင်ခဲ့ပြီး ရက်ပေါင်း ၁၅ ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ဒီပွဲတော်ကြီးအပြီးမှာ ကျန်ရစ်ခဲ့တဲ့ မြင်ကွင်းကတော့ ရင်နာစရာကောင်းတဲ့ အမှိုက်သရိုက်ပြဿနာတွေပဲ ဖြစ်နေပါတယ်။

ပွဲတော်ကာလအတွင်း မြန်မာပြည်အနှံ့အပြားက ဘုရားဖူးဧည့်သည် သောင်းနဲ့ချီ လာရောက်ခဲ့ကြရာမှာ သူတို့နဲ့အတူ ပါလာတဲ့ပလတ်စတစ်အိတ်တွေ၊ ရေသန့်ဗူးတွေ၊ အစားအသောက်ထည့်တဲ့ ဖော့ဗူးတွေနဲ့ ဘုရားပွဲ စျေးရောင်းတဲ့ နေရာတွေက တခါသုံး ပစ္စည်းတွေဟာ မော်တင်စွန်းရဲ့ လှပတဲ့သဲ ကမ်းခြေတလျှောက် နေရာအနှံ့ ပျံ့ကြဲ သွားပါတော့တယ်။

🔹 သောင်ပြင်ကို ဝါးမြိုသွားတဲ့ အမှိုက်တွေ
ခမောက်မော်ဒေသခံတဦးက သူ့ရဲ့ မျက်မြင်ကိုယ်တွေ့အခြေအနေကို စိုးရိမ်တကြီးနဲ့ အခုလို ပြောပြပါတယ်။ “ဈေးသည်တွေရဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေကြောင့် သဲသောင်မှာ အမှိုက်တွေ မြင်မကောင်းအောင် ပွထနေတယ်။ ပွဲကတော့ စည်တာပေါ့၊ဒါပေမဲ့ လူတွေက စားပြီးရင် ဒီအတိုင်း ပစ်ထားခဲ့ကြတာ များတယ်။ ဆိုင်ခန်းတွေ သိမ်းသွားတဲ့ အခါမှာလည်း အမှိုက်တွေကို စနစ်တကျ မရှင်းခဲ့ကြဘူး။ ဒီရေတက်လာတော့ ဒီအမှိုက်တွေက ပင်လယ်ထဲ ရောက်ကုန်တာပဲ” လို့ ဆိုပါတယ်။

ပွဲတော်တလျှောက် စည်းကမ်းမဲ့မှုတွေမှာ အဓိကအဖြစ် ဝေဖန်ခံနေရတာကတော့ ပွဲတော်တခုပြီးတခု လိုက်လံရောင်းချတဲ့ ၁၂ပွဲဈေးသည်တွေပဲ ဖြစ်ပါတယ်။ အဲဒီဈေးသည်တွေဟာ အခြေချရောင်းချသူတွေ မဟုတ်တဲ့အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးထက် မိမိတို့ရဲ့ အမြတ်အစွန်းကိုပဲ ဦးစားပေးလေ့ ရှိတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
သူတို့ နေထိုင်ရောင်းချစဉ်အတွင်း ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စုပုံဖျက်ဆီးတာမျိုး မရှိဘဲ သဲသောင်ပြင်ပေါ်မှာပဲ ဒီအတိုင်းထားခဲ့တာဟာ ပွဲတော်ရဲ့ပုံရိပ်ကို များစွာထိခိုက်စေပါတယ်။

ဈေးသည်တွေ အနေနဲ့ အမြတ်အစွန်းတခုတည်းကိုပဲ မကြည့်ဘဲ မိမိတို့ကြောင့် ဖြစ်လာတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို တာဝန်ယူရှင်းလင်းဖို့ ပျက်ကွက်နေတာအပေါ် ဘုရားပွဲဂေါပကအဖွဲ့အနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ ဆိုတာကိုလည်း ဒေသခံလူထုက မေးခွန်းထုတ်နေကြပါတယ်။
🔹 ဘုရားပွဲပုံရိပ်နဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လစ်ဟင်းချက်တွေ
နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ မော်တင်စွန်းဘုရားပွဲမှာ အမှိုက်ပြဿနာဟာ အသစ်အဆန်း မဟုတ်ပေမဲ့ အခုနှစ်မှာတော့ လူမှုကွန်ရက်ပေါ်ကတဆင့် မြေပြင်အခြေအနေတွေ ပိုပြီးပျံ့နှံ့လာတာနဲ့ အခုနှစ်ဘုရားပွဲက အရင်နှစ်တွေကထက် ပိုမိုစည်ကားခဲ့တာကြောင့် ဝေဖန်မှုက ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။

ပုသိမ်မြို့ခံတဦးက “မော်တင်စွန်းဘုရားကြီးရဲ့ ပုံရိပ်က မြေပြင်က အခြေအနေတွေကြောင့် တော်တော်လေးလည်း လူပြောများသွားတယ်။ ဈေးသည်တွေနဲ့ နှစ်စဉ်အခုလို ဖြစ်နေတာပဲဆိုပေမဲ့ အခုနှစ်က ပိုပြီး မြင်သာသွားတာလည်း ပါတယ်။ နောက်နှစ်တွေ နောက်နှစ်တွေကျရင် ဒါက တာဝန်ယူထားတဲ့ သူတွေအတွက် နမူနာပဲပေါ့။ နှစ်တိုင်းဒါမျိုး မထိန်းကြောင်းနိုင်ဘူးဆိုရင် ပိုဆိုးလာမှာ” လို့ သုံးသပ်ပါတယ်။
ဒီအချက်က ဘုရားပွဲဂေါပကနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအတွက် စည်းကမ်းထိန်းသိမ်းမှု အပိုင်းမှာ အားနည်းချက် ရှိနေတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ ဒီနှစ် တပေါင်းပွဲတော်ကို နိုင်ငံအနှံ့က ဘုရားဖူး နှစ်သိန်း နီးပါးလာရောက်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

“ဘုရားပွဲတော်ကြီး ပြီးသွားချိန်မှာ အရင်က အမှိုက်ကင်းစင်ပြီး သာယာလှပခဲ့တဲ့ ပင်လယ်ကမ်းခြေတွေ၊ မြို့လမ်းမတွေဟာ အမှိုက် ပရပွနဲ့ စုတ်ပြတ်ကျန်ခဲ့တယ်။ ဘုရားပွဲ ဦးဆောင်သူတွေ အနေနဲ့လည်း လုပ်ပေးနိုင်သလောက် အစွမ်းကုန် လုပ်ပေးနေကြပေမဲ့ လာတဲ့အင်အားနဲ့ ရှိတဲ့ လူအင်အား မိုးနဲ့ မြေလိုပဲ ကွာခြားနေတယ်”လို့ ဌာနဆိုင်ရာဝန်ထမ်းတဦးဖြစ်တဲ့ ကိုဟိန်း(အမည်လွှဲ)က ပြောပါတယ်။
ဘုရားပွဲရာသီရောက်တိုင်း ဒီလို အခြေအနေတွေဟာ နှစ်စဉ်ကြုံတွေ့ရလေ့ ရှိပေမဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လူအင်အားတိုးပေးဖို့ အထက်ကို တင်ပြတာတွေ လုပ်ပေမဲ့ အထက်က မတိုးပေးဘူးလို့ ဆိုပါတယ်။
“ဒီကိစ္စကို အထက်ကို ဆက်တင်ပြရင်လည်း ဒီလူတွေကိုပဲ ပြန်ပြီး ထပ်တိုးခိုင်းတာပါပဲ။ ဟိုင်းကြီးဒေသမှာ ကျတဲ့ ဌာနဆိုင်ရာတွေက အားနေရင် အမှိုက်ပဲ လိုက်ကောက်နေကြရတာပါ။ တော်တော်တိုင်ပတ်တာပါ။ အမှိုက်တွေက လူမနိုင်တော့ အကုန်စုပုံနေတာ။ ဘုရားဖူးတွေကိုလည်း အားနာမိပေမဲ့ ဒီကလူတွေလည်း လုံးဝ မနိုင်ကြတော့တဲ့ အထိကို အမှိုက်ကိစ္စက တာဝန်ကြီးနေတာ”လို့ ကိုဟိန်းက ဆက်ပြောပါတယ်။

🔹 သဘာဝဂေဟစနစ်အပေါ် ရိုက်ခတ်မှု
မော်တင်စွန်းသောင်ပြင်ဟာ လှပတဲ့ ခရီးသွားလုပ်ငန်းအတွက်တင်မကဘဲ ပင်လယ်လိပ်တွေ ဥလာချတဲ့ ဒေသတခု အဖြစ်လည်း အလွန်အရေးပါ နေပါတယ်။ ပလတ်စတစ် အမှိုက်တွေဟာ ရေရှည်မှာ မြေဆီလွှာနဲ့ ရေထုကို ညစ်ညမ်းစေရုံတင် မကဘဲ ပင်လယ်လိပ်တွေနဲ့ ရေနေသတ္တဝါတွေ အတွက်လည်း အသက်အန္တရာယ် ဖြစ်စေနိုင်ပါသလား။
ပလပ်စတစ်အမှိုက်တွေ ကင်းစင်ရေး လှုပ်ရှားမှုတွေနဲ့အတူ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးကို အဓိက ထားဆောင်ရွက်နေတဲ့ သန့်မြန်မာ အဖွဲ့က တာဝန်ရှိသူ တဦးကတော့ လူတွေရဲ့ မဆင်ခြင် ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် ရေနေသတ္တဝါ ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ကြုံနေရပါတယ်လို့ ပြောပါတယ်။
“ပလတ်စတစ်ကြွပ်ကြွပ်အိတ်တွေကို သူတို့အစာထင်ပြီးစားမိကြတာမျိုး ပလတ်စတစ်အိတ်တွေက နေဒဏ်လေဒဏ်ရေဒဏ်တွေကြောင့် မိုက်ခရိုပလတ်စတစ် နာနိုပလတ်စတစ်တွေအဖြစ် ပြုကွဲသွားပြီးတော့ ရေနေသတ္တဝါတွေရဲ့ ခန္ဓာထဲရောက်ရှိတာကနေ သူတို့ရဲ့မျိုးပွားမူနူန်းတွေကျလာတယ်” လို့ ရှင်းပြပါတယ်။
ဒီအမှိုက်တွေကြောင့်ပဲ သန္တာကျောက်တန်းတွေလည်း ပျက်စီးဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။အဲဒါကြောင့် ပလပ်စတစ်တွေကို လျှော့သုံးဖို့ ၊တကယ်လို့ လျှော့မသုံးနိုင်ရင်လည်း စနစ်တကျ စွန့်ပစ်ဖို့ သူက တိုက်တွန်းပါတယ်။
“အရင်ဆုံး ဘုရားပွဲတော် စီမံရေးကော်မတီ အနေနဲ့ ရောင်းချမဲ့ ဈေးဆိုင်တွေကို အမှိုက်နဲ့ပတ်သက်ပြီး စည်းစနစ်တကျ ဘယ်လိုစွန့်ပစ်ရမလဲ ဆိုတာကို ဆိုင်ခန်းတွေစပြီး ချပေးကတည်းက သေချာလေး မှာလိုက် အသိပညာ ပေးလိုက်တာမျိုး၊ဘုရားဖူးလာတဲ့ ပြည်သူတွေအတွက် အမှိုက်ပုံးတွေ လက်လှမ်းမှီတဲ့ နေရာမှာ ထားပေးတာမျိုးတွေ ပွဲတော်ပြီးသွားတဲ့ အခါမှာလဲ သေချာစီမံခန့်ခွဲ ပေးဖို့ပါ တာဝန်ယူ ပေးသင့်ပါတယ်”လို့ အကြံပြုပါတယ်။
အခုလို ပင်လယ်ကမ်းခြေမှာ အမှိုက်တွေ စွန့်ခဲ့ ချန်ခဲ့တာဟာ ဒီဒေသဝန်းကျင် တခုထဲအတွက်မဟုတ်ပဲ လူ့အဖွဲ့အစည်းတခုလုံးမှာပါ အမှိုက်တွေရဲ့ ဆိုးကျိုးသက်ရောက်မှု ခံစားရမှာ ဖြစ်တယ်လို့လည် သန့်မြန်မာ တာဝန်ရှိသူက သတိပေးပါတယ်။
အခုဆိုရင် စနစ်တကျ စီမံခန့်ခွဲမှုတွေ မရှိတာရယ်၊ မြေပြင်မှာ အမှိုက်ကိစ္စကို ဖြေရှင်းနိုင်ဖို့ လူအင်အားနည်းနေတာတွေက အခြေအနေကို ပိုမိုဆိုးလာပြီး အနာဂတ်မှာ အမှိုက်ကမ်းခြေလို့ လူသိများသွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒေသခံတွေရဲ့ အဓိက စိတ်ရင်းက ဘုရားပွဲရဲ့ ပုံရိပ်ဟာ အခုလို လူလုပ်ပြဿနာတွေကြောင့် ပိုပိုဆိုးရွားသွားမှာကို ထိတ်လန့်နေကြတာဖြစ်တယ်လို့ ရင်ဖွင့်ကြပါတယ်။
ပွဲတော်ပြီးဆုံးသွားတဲ့ အချိန်မှာ မော်တင်စွန်းသောင်ပြင်ပေါ်က အမှိုက်တွေကို အမြန်ဆုံး ရှင်းလင်းနိုင်တာမျိုး မရှိရင် ပင်လယ်ပြင်ထဲကို အမှိုက်သရိုက်တွေ သေချာပေါက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
“ဆိုင်ခန်းတွေက ဖျက်ပြီးရင် အမှိုက်တွေကို ဒီတိုင်းထားခဲ့ကြတာ။ ဒါလည်း ဒီမှာ ရှိတဲ့လူတွေကပဲ လိုက်ကောက်ကြရတာ။ ပြီးရင် တာဝန်ရှိသူတွေလည်းပါတယ်။ ဘယ်လောက်ပြောပြော လက်တွေ့မှာ အရေးယူတာမျိုး မလုပ်တော့ ပွဲပြီးရင် ဆိုင်ခန်းဖျက်ပြီး ပြန်ကုန်တာပဲ။ အမှိုက်ကိစ္စက နှစ်တိုင်းကြုံနေကြပါ။ ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာ အခုထိပါပဲ။ နှစ်တိုင်းပွဲပြီးတာနဲ့ ဒီရေက တောင်ခြေထိ တက်လာတတ်တယ်။ လူတွေက ဒီရေမတက်ခင် ကမ်းစပ်က ပလတ်စတစ်လို အမှိုက်မျိုးတွေကို အဓိကထားပြီး သိမ်းကြတယ်။ ဆွေးမြေ့သွားနိုင်တဲ့ဝါး၊ သစ်သား အဲဒါမျိုးတွေကိုတော့ ထားခဲ့ကြတာပါ”လို့ ခမောက်မော် ဒေသခံတဦးက ရှင်းပြပါတယ်။
နောင်နှစ်တွေမှာလည်း ၁၂ ပွဲဈေးသည်တွေကို စနစ်တကျ စည်းကမ်းသတ်မှတ်တာ၊ အမှိုက်သိမ်းဆည်းခ ကောက်ခံပြီး ထိရောက်စွာ ရှင်းလင်းတာနဲ့ ဘုရားဖူးတွေကို ပညာပေးတဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက တိုက်တွန်းထားပါတယ်။
“ရေက ခုရက်တွေက လပြည့်ဆိုတော့ ရေထရက်ပါ။ ရေက ည ၁၂ ဆို ရေပြည့်ပါတယ်။ သဲသောင်ကမ်းခြေက အမှိုက်တွေကို ပင်လယ်ထဲ ဆွဲချသွားတာမျိုး”လို့ ခမောက်မော်ဒေသခံက ဆက်ပြောပါတယ်။
မော်တင်စွန်း ဆံတော်ရှင်မြတ်စွာဘုရားပွဲတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ကြည်ညိုဖွယ်ရာ ပုံရိပ်ကောင်းတွေ ကျန်ရှိနေဖို့ဆိုတာ ဂေါပကအဖွဲ့ရဲ့ စီမံခန့်ခွဲမှု၊ ဈေးသည်တွေရဲ့ တာဝန်ယူမှုနဲ့ ဘုရားဖူးပြည်သူတွေရဲ့ အသိစိတ်ဓာတ်တို့ ပေါင်းစပ်မှသာ ဖြစ်နိုင်ပါတော့မယ်။ အခုကျန်ရစ်ခဲ့တဲ့ အမှိုက်တွေဟာ နောက်နှစ်တွေအတွက် သင်ခန်းစာယူစရာ ပြကွက်တခု အဖြစ် သတိပေး ခေါင်းလောင်း ထိုးနေပါတယ်။