
တနင်္လာနေ့ အာရှဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ထိုးတက်သွားသလို ပင်လယ်ကွေ့ဒေသတခုလုံးရဲ့ လေပိုင်နက်တွေကို ပိတ်လိုက်တာကြောင့် ခရီးသွားလာရေး အခက်အခဲတွေလည်း ဆက်ဖြစ်နေပါတယ်။
၂၊ မတ်။
အီရန်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ အစ္စရေးနဲ့ လက်ဘနွန်က ဟစ်ဇဘိုလာအဖွဲ့တို့ဟာ ဒီကနေ့ အပြန်အလှန် ပစ်ခတ်နေကြပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် လက်ဘနွန်က ရွာပေါင်း၅၀ ကျော်မှာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောထားပါတယ်။
အမေရိကန်စစ်သည် သုံးဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က အစောပိုင်းမှာ ပြောခဲ့သလို သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်ဘက်က ထိခိုက်မှုတွေ နောက်ထပ် ရှိလာနိုင်သေးတယ်လို့ သတိပေးထားပါတယ်။
အမေရိကန်စစ်သည်တဦး ထိခိုက်လိုက်တိုင်း ထရမ့်အတွက် ပြည်တွင်းရေးရာမှာ ဖိအားတွေ ပိုများလာစေတယ်လို့လည်း သုံးသပ်မှုတွေ ရှိလာနေတာပါ။
အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ သီတင်းပတ်ချီ ကြာနိုင်တယ်လို့ ထရမ့်က ပြောဆိုနေချိန်မှာပဲ အစ္စရေးကလည်း အီရန်အပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ကတိပြုထားပါတယ်။
ဆိုက်ပရပ်စ်ကျွန်းက ဗြိတိသျှတော်ဝင်လေတပ်စခန်းဟာ တနင်္ဂနွေနေ့ညက ဒရုန်းတစင်းနဲ့ တိုက်ခိုက်တာခံခဲ့ရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တနင်္လာနေ့ အာရှဈေးကွက်ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ထိုးတက်သွားသလို ပင်လယ်ကွေ့ဒေသတခုလုံးရဲ့ လေပိုင်နက်တွေကို ပိတ်လိုက်တာကြောင့် ခရီးသွားလာရေး အခက်အခဲတွေလည်း ဆက်ဖြစ်နေပါတယ်။
ဒါ့အပြင် ကူဝိတ်နိုင်ငံရှိ အမေရိကန်သံရုံးဝန်းကျင်မှာ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။
ကူဝိတ်က အမေရိကန်သံရုံးအတွင်း ဒါမှမဟုတ် သံရုံးအနီးနားကနေ မီးခိုးတွေ ထွက်နေတာကို တွေ့ရတယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေက ဖော်ပြပါတယ်။ အဆိုပါ နေရာမှာ မီးသတ်ကားတွေနဲ့ လူနာတင်ကားတွေကို တွေ့ရတယ်လို့ Reuters က ဆိုပါတယ်။
ဘေရွတ်မြို့နဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် လူ ၃၁ ဦး သေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကျယ်ပြန့်လာတဲ့ ပဋိပက္ခထဲကို လက်ဘနွန်လည်း ပါဝင်လာပါပြီ။ အခုဆိုရင် အရှေ့အလယ်ပိုင်းတခွင် ပျံ့နှံ့နေတဲ့ စစ်ပွဲမှာ စစ်မျက်နှာအသစ်တခု ပေါ်လာပြီလို့ ဆိုရမှာပါ။
အီရန်ဆီကနေ ဒေါ်လာဘီလီယံနဲ့ချီ အထောက်အပံ့ရနေတဲ့ လက်ဘနွန်ရှီအာ လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာဟာ မနေ့ညကအစ္စရေးရဲ့ ဟိုင်ဖာမြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးကလည်း လေကြောင်းကနေ အကြီးအကျယ် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးက ဟစ်ဇဘိုလာတို့ အခြေစိုက်ရာ နေရာတွေနဲ့ မြို့ရဲ့ လေဆိပ်အနီးက နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၈ လက စစ်ပွဲအတွင်း အစ္စရေးရဲ့ အပြင်းအထန် ချေမှုန်းတာ ခံခဲ့ရတဲ့အတွက် ဟစ်ဇဘိုလာဟာ အရင်လို အင်အားမတောင့်တင်းတော့ပါဘူး။
ဒါပေမဲ့ အီရန်နဲ့ ဘာသာရေး၊ အတွေးအခေါ်နဲ့ ငွေကြေးအရ ခိုင်ခိုင်မာမာ ဆက်နွှယ်နေတာကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးနီးပါး ပါဝင်နေတဲ့ ဒီပဋိပက္ခထဲကို ဟစ်ဇဘိုလာ ပါဝင်လာမှာကတော့ ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
Ref – BBC