
“ဒါဟာ အမြဲတမ်း လေးပတ်လောက် ကြာမယ့် လုပ်ငန်းစဉ်ပါပဲ။ ကျွန်တော်တို့လည်း လေးပတ်ဝန်းကျင်လောက် ကြာမယ်လို့တွက်ထားပါတယ်။ အီရန်က အင်အားတောင့်တင်းပြီး နိုင်ငံလည်း ကြီးတာကြောင့် လေးပတ်လောက် ဒါမှမဟုတ် ဒီထက်နည်းတဲ့အချိန်ယူရမှာပါ” လို့ ထရမ့်က ပြောပါတယ်။
၂၊ မတ်။
အမေရိကန်ရဲ့ အကြီးစားစစ်ဆင်ရေးအတွင်း အီရန်ခေါင်းဆောင် အလီခါမေနီ အသတ်ခံရပြီးနောက် တရက်မှာပဲ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာ့စီးပွားရေးဟာ မရေရာမှုတွေထဲ ကျရောက်သွားခဲ့ပါတယ်။
အမေရိကန်အရာရှိတွေကတော့ စစ်ဆင်ရေးဟာ ရက်အတော်ကြာမယ်လို့ ပြောထားပြီး ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အဆိုပါ စစ်ဆင်ရေးဟာ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
Daily Mail နဲ့ သီးသန့်အင်တာဗျူးမှာတော့ တိုက်ခိုက်မှုတွေဟာ လေးပတ်လောက် ကြာနိုင်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
“ဒါဟာ အမြဲတမ်း လေးပတ်လောက် ကြာမယ့် လုပ်ငန်းစဉ်ပါပဲ။ ကျွန်တော်တို့လည်း လေးပတ်ဝန်းကျင်လောက် ကြာမယ်လို့တွက်ထားပါတယ်။ အီရန်က အင်အားတောင့်တင်းပြီး နိုင်ငံလည်း ကြီးတာကြောင့် လေးပတ်လောက် ဒါမှမဟုတ် ဒီထက်နည်းတဲ့အချိန်ယူရမှာပါ” လို့ ထရမ့်က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံရဲ့ စစ်တပ်ဟာ အီရန်ရဲ့ အရှေ့နဲ့ အနောက်ဘက်မှာရှိတဲ့ (အာဖဂန်နစ္စတန်နဲ့ အီရတ်) နိုင်ငံတွေမှာ အမေရိကန်စစ်တပ် ဘယ်လိုရှုံးနိမ့်ခဲ့သလဲဆိုတာကို လေ့လာထားတယ်လို့ X မှာ ရေးသားခဲ့ပါတယ်။
“ကျွန်တော်တို့ အဲဒီသင်ခန်းစာတွေကို အသုံးချထားပါတယ်။ ကျွန်တော်တို့ မြို့တော်မှာ ဗုံးကြဲခံရတာဟာ စစ်တိုက်နိုင်စွမ်းအပေါ်ဘာသက်ရောက်မှုမှ မရှိဘူး” လို့ သူက ဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာပဲ အမေရိကန်စစ်သည်တွေ ပထမဆုံးအကြိမ် ထိခိုက်သေဆုံးမှုရှိတယ်လို့ အမေရိကန်စစ်ဘက်က မတ်လ ၁ ရက်၊ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ပြီးစီးခဲ့တဲ့ Reuters/Ipsos စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၂၇ ရာခိုင်နှုန်းကပဲ တိုက်ခိုက်မှုကို ထောက်ခံပြီး ၄၃ရာခိုင်နှုန်းက ကန့်ကွက်ကြကာ ၂၉ ရာခိုင်နှုန်းကတော့ မသေချာဘူးလို့ ဖြေဆိုကြပါတယ်။
ဖြေဆိုသူ ၁၀ ဦးမှာ ကိုးဦးကတော့တိုက်ခိုက်မှုတွေအကြောင်း အနည်းနဲ့အများ ကြားဖူးတယ်လို့ ပြောကြပါတယ်။
အဆိုပါ စစ်တမ်းတခုအရ အမေရိကန်နိုင်ငံသား လေးဦးမှာ တဦးကပဲ အခုလို အရှေ့အလယ်ပိုင်းနိုင်ငံကို တိုက်ခိုက်တာကို ထောက်ခံကြပါတယ်။
ပဋိပက္ခဟာ ဒုတိယမြောက်နေ့ထဲ ရောက်လာချိန်မှာတော့ အီရန်ခေါင်းဆောင် ၄၈ ဦး သေဆုံးသွားပြီလို့ ထရမ့်က ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်ရေတပ်ကို စတင်တိုက်ခိုက်နေပြီး အခုအထိ အီရန်စစ်သင်္ဘော ကိုးစင်းကို ဖျက်ဆီးထားကာ ကျန်တဲ့သင်္ဘောတွေကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။
စနေနေ့ကစပြီး အကြီးစားစစ်ဆင်ရေးတွေလုပ်ဖို့ ထရမ့်က အမိန့်ပေးခဲ့ပြီးတဲ့နောက် အမေရိကန် လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ အီရန်ပစ်မှတ်ပေါင်း ၁,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေထဲမှာ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေနဲ့ အီရန်ရဲ့ ခိုင်ခံ့တဲ့ မြေအောက်ဒုံးကျည် အခြေစိုက်စခန်းတွေပေါ်ကို ပေါင် ၂,၀၀၀ အလေးချိန်ရှိတဲ့ ဗုံးတွေ ကြဲချတာလည်း ပါဝင်ပါတယ်။
အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကလည်း ထိခိုက်မှုတွေ ရှိလာနေပါတယ်။
စနေနေ့က အမေရိကန်ဘက်က ထိခိုက်မှုမရှိဘူးလို့ သတင်းထုတ်ခဲ့ပေမဲ့ တနင်္ဂနွေနေ့မှာတော့ အီရန်အပေါ် စစ်ဆင်ရေးလုပ်နေတဲ့ အမေရိကန်စစ်သည် သုံးဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တခြား အမေရိကန်စစ်သည်တချို့လည်း ဗုံးဆန်ထိတာနဲ့ ဦးခေါင်းဆိုင်ရာ တုန်ခါတာမျိုး ဒဏ်ရာအနည်းငယ် ရခဲ့ကြတယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
ဒါပေမဲ့ ဒီထိခိုက်မှုတွေက ဘယ်နေရာမှာ၊ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိနှစ်ဦးကတော့ အမေရိကန်စစ်သည်တွေဟာ ကူဝိတ်နိုင်ငံက အခြေစိုက်စခန်းတခုမှာ သေဆုံးခဲ့တာလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အခုလို အကြီးစားစစ်ဆင်ရေးအတွင်း စစ်သည်တွေ သေဆုံးမှုကို အသိအမှတ်ပြုရင်း နောက်ထပ်ထိခိုက်သေဆုံးမှုတွေ ရှိလာနိုင်တာကို ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ ထရမ့်က တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက အီရန်နျူကလီးယားစခန်းတွေကို ဗုံးကြဲတာနဲ့ ဇန်နဝါရီလက ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးတွေမှာတော့ အမေရိကန်ဘက်က သေဆုံးမှု မရှိခဲ့ပါဘူး။
ဗီဒီယိုကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ထရမ့်က သေဆုံးမှုတွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပေမဲ့ “ဝမ်းနည်းစရာကောင်းတာက စစ်ပွဲမပြီးခင်မှာ နောက်ထပ် သေဆုံးမှုတွေလည်း ရှိလာဦးမှာပဲ” လို့ ထည့်ပြောခဲ့ပါတယ်။
“ဒါပေမဲ့ အမေရိကန်ဟာ သူတို့သေဆုံးမှုအတွက် ကလဲ့စားချေမှာဖြစ်ပြီး လူ့ယဉ်ကျေးမှုတရပ်လုံးကို စစ်ကြေညာခဲ့တဲ့အကြမ်းဖက်သမားတွေကို အပြင်းထန်ဆုံး အပြစ်ပေးသွားမယ်”လို့ သူက ဆိုပါတယ်။
Ref – Reuters