
“အများစိုက်တဲ့သူတွေ ပိုရှုံးကြတာပေ့ါ။ အနည်းစိုက်တဲ့သူတွေလည်း တချို့ဆို ရောင်းစားဖို့တောင် မရဘူး”
၂၅၊ ဖေဖော်ဝါရီ။
ပြောင်းသီးနှံအများအပြား စိုက်ပျိုးကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ပြောင်းခင်းတွေ ပိုးကျတာ၊ ပိုးသတ်ဆေး၊ ဓါတ် မြေဩဇာ အလုံအလောက် မသုံးနိုင်တာတွေကြောင့် အထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်နေကြတယ်လို့ ဒေသခံတောင် သူတွေက ပြောကြပါတယ်။
“အရင်နှစ်တွေက တဧကမှာ ပြောင်းဖူး နှစ်ထောင်နီးပါးလောက် ထွက်တယ်။ အခုက တထောင်ကျော်ကျော်ပဲ၊ တ ထောင်၊ ထောင့်တရာလောက်ပဲ ထွက်တော့ အမြတ်မရဘူးပေ့ါ။ ထွန်စရိတ်၊ ဓါတ်မြေဩဇာစရိတ်တွေနဲ့ တွက်ရင် တော်တော်များများ ရှုံးကြတယ်” လို့ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စုမှ ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။
ပြောင်းခင်းတွေ အထွက်နည်းရတဲ့ အဓိအကြောင်းရင်းဟာ Fall armyworm (ငမြှောင်တောင်) ဖျက်ပိုးကြောင့် ဖြစ်ပြီး ပိုးသတ်ဆေးနဲ့ ဓါတ်မြေဩဇာတွေ စျေးအလွန်တက်နေတော့ အလုံအလောက်လည်း မသုံးနိုင်ကြဘူးလို့ ဆိုပါတယ်။
ဇလွန်မြို့နယ် ကတို့ဆိပ်ကျေးရွာအုပ်စုမှ တောင်သူတဦးကလည်း အခုနှစ်မှာ ပြောင်းခင်းတွေ အထွက်နည်းပြီး ဧကအများအပြား စိုက်ပျိုးသူတွေမှာ အရင်းမရကြဘူးလို့ ဆိုပါတယ်။ “အများစိုက်တဲ့သူတွေ ပိုရှုံးကြတာပေ့ါ။ အနည်းစိုက်တဲ့သူတွေလည်း တချို့ဆို ရောင်းစားဖို့တောင် မရဘူး” လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ဇလွန်၊ မြန်အောင်၊ ဟင်္သာတစတဲ့မြို့နယ်တွေမှာ ပြောင်းသီးနှံကို အဓိကစိုက်ပျိုးကြပြီး စိုက်ဧက သောင်းဂဏန်းထိ ရှိတယ်လို့ စိုက်ပျိုးရေးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြောင်းအပြင် မြေပဲ၊ စပါးခင်းတို့ဟာလည်း အခုနှစ်မှာ အထွက်နှုန်းလျော့ကျခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။
စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဓါတ်မြေဩဇာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ် ဆေး၊ အားဆေးစတဲ့ သွင်းအားစုတွေဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စျေးတွေ အဆမတန် တက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စိုက်ပျိုးရေး သွင်းအားစုတွေ စျေးတက်တဲ့အပြင် ရာသီဥတုကလည်း မမှန်တော့ စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေမှာ အရှုံးပေါ်တာတွေ များနေပြီး ချေးယူထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကိုပင် အချိန်မီ မဆပ်နိုင်ကြဘူး လို့ ပြောကြပါတယ်။
“ချေးငွေမဆပ်ရင် ဖမ်းမယ်၊ ချုပ်မယ်ဆိုတာတွေလည်း ကြားနေရတယ်။ ကြောက်တဲ့သူတွေမှာ လယ်ရောင်း ဆပ်ကြတယ်။ ဦးလေးတို့ကတော့ ရောင်းစရာလယ်လည်း သိပ်မကျန်တော့ဘူး” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားတ ဦးဖြစ်တဲ့ ဦးကျော်စိန်က ပြောပါတယ်။