မျိုးစေ့ချစက် မဝယ်ရင် စစ်မှု့ထမ်းရမယ်လို့ ဘိုကလေးက လယ်သမားတွေ ခြိမ်းခြောက်ခံနေရ

“ ကျွန်မတို့က အသုံးမဝင်ဘူး မဝယ်လို့ မရဘူးလားမေးတော့ မရဘူးလို့ပြောတယ်။ အဲ့ဒါကို ကိုယ်မသုံးရင်လည်း စုပြီးဝယ်ရမယ် အထက်ကရောင်းခိုင်းတာ ဆိုပြီးပြောတယ်။ ရောင်းတာက အုပ်ကြီးက ရောင်းတာ  ”

၁၄၊ ဖေဖော်ဝါရီလ။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းက ရေနက်ကွင်းတွေကို အဓိကထား စိုက်ပျိုးရေးလုပ်ဆောင်ကြတဲ့ ဒေသတွေမှာ လုံးဝအသုံးပြုလို့မရတဲ့ အစေ့ချ ကိရိယာတွေကို မဝယ်ရင် စစ်မှုထမ်းခိုင်းမယ်ဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက အတင်းအဓမ္မရောင်းချမှုတွေ ပြုလုပ်နေပါတယ်။

“ သူတို့က(အုပ်ချုပ်ရေးမှူး) နိုင်ငံတော်က ရောင်းခိုင်းတယ်လို့ ပြောတယ်။ သဇင်ကုန်းအုပ်စုမှာဆိုရင် သူတို့ခွဲတမ်းမကုန်ရင် မဝယ်တဲ့သူတွေကို စစ်မှုထမ်းခိုင်းမယ်ဆိုတာမျိုးတောင် ပြောတယ် ” လို့ သဇင်ကုန်းကျေးရွာ အုပ်စုမှာ နေတဲ့ လယ်သမားတဦးက ပြောပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာတချို့ဟာ ရေနက်ကွင်း စိုက်ခင်းတွေဖြစ်တာကြောင့် မျိုးစေ့ချ ကိရိယာကို အသုံးပြုပြီး စိုက်ပျိုးလို့မရပဲ ပျိုးနုတ်စိုက်ပျိုးရတာကြောင့် ဒီကိရိယာဟာ ဘယ်လိုမှ အသုံးမဝင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက ရေနက်စိုက်ကွင်း ဒေသတွေထဲမှာ သဇင်ကုန်းကျေးရွာအုပ်စုနဲ့ ဟေမာန်ကျေးရွာ အုပ်စုတွေ အပါအဝင် ကျေးရွာအုပ်စုပေါင်း ၂၀ ထက်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျွန်မတို့က အသုံးမဝင်ဘူး မဝယ်လို့ မရဘူးလားမေးတော့ မရဘူးလို့ပြောတယ်။ အဲ့ဒါကို ကိုယ်မသုံးရင်လည်း စုပြီးဝယ်ရမယ် အထက်ကရောင်းခိုင်းတာ ဆိုပြီးပြောတယ်။ ရောင်းတာက အုပ်ကြီးက ရောင်းတာ  ” လို့ သဇင်ကုန်းကျေးရွာ အုပ်စုထဲက ရွာတရွာမှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ဆိုပါတယ်။

အဲဒီ မျိုးစေ့ချ ကိရိယာကို တခုလျှင် ငွေကျပ် ၂၈၀၀၀၀ နဲ့ ဝယ်ယူရပြီး တဦးတည်း မဝယ်ချင်ရင် တဧကကို  ၆၀၀၀ နှုန်းနဲ့ လယ်ဧက ပိုင်ဆိုင်မှုအလိုက်စုပြီး ဝယ်ယူရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူ့ဟာက ဘယ်နှခုရောင်းမှာလဲဆိုတော့လည်း သေချာမပြောဘူး။ ဥပမာ ဒီရွာအတွက် ၁၀ ခုဆိုရင် ကျွန်တော်တို့ စုဆက်ပြီးဝယ်လိုက်မယ်ပေါ့။ ဒါပေမယ့် သူ့ပုံစံက ကုန်သွားရင် ထပ်ယူရောင်းမယ့် ပုံစံမျိုးဖြစ်နေတာ။ ကျွန်တော်တို့အတွက် အသုံးမဝင်တာကြီးက မလိုချင်တာ မမှားဘူးလို့ထင်တယ်။ အဲ့တော့ မဝယ်ရင် မဝယ်ရင်ဆိုတာ ဘယ်လောက်ရှိမှန်း မသိတဲ့ သူတို့ခွဲတမ်း မကုန်ရင် မဝယ်တဲ့သူကို စစ်မှုထမ်းခိုင်းမယ် ဆိုတာမျိုး ပြောတာ ” လို့ ဟေမာန်ကျေးရွာအုပ်စုဝင် ရွာသားတဦးက ရှင်းပြပါတယ်။

ဒီကျေးရွာတွေက အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ  “နိုင်ငံတော် အကျိုးစီးပွါး မြှင့်တင်ရေး စီမံချက်” ခေါင်းစဉ်နဲ့  အတင်းအဓမ္မရောင်းချနေတာ ဖြစ်ပါတယ်။