
CHRO ရဲ့ အဆိုအရ အခုတရားစွဲဆိုမှု လုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုကနေ နောက်ထပ် အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုကို အရေးယူဆောင်ရွက်မှုမျိုးပထမဆုံးအကြိမ် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။
၅၊ ဖေဖော်ဝါရီ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်ဥပဒေကြောင်းအရ အရေးယူဖို့ တိုင်ကြားချက်ကို တီမောလက်စတေ ဥပဒေရေးရာ အာဏာပိုင်တွေက အမှုလက်ခံလိုက်ပါပြီ။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဟာ ပြီးခဲ့တဲ့လက ဒီလီမြို့မှာ စစ်ကောင်စီနဲ့ ပတ်သတ်လို့ ရာဇဝတ်မှုဆိုင်ရာ အမှုတခု တင်သွင်းခဲ့ပြီးနောက်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။
အဆိုပါ တိုင်ကြားစာထဲမှာ ချင်းပြည်နယ်အတွင်းက အရပ်သားတွေအပေါ်မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာနဲ့ ခွဲခြားမှုမရှိဘဲ တိုက်ခိုက်တာ စတဲ့ ချိုးဖောက်မှုတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နဲ့ ဥပဒေဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့Myanmar Accountability Project တို့က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သူတို့ တင်သွင်းထားတဲ့ ရာဇဝတ်မှုဆိုင်ရာ ဖိုင်တွဲကို စစ်ဆေးဖို့အတွက် တီမောလက်စတေ က အကြီးတန်း အစိုးရရှေ့နေတဦးကို ခန့်အပ်လိုက်ပြီလို့ ပြောပါတယ်။
CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် က ဒီခြေလှမ်းကို ကြိုဆိုလိုက်ပြီး “ချင်းလူမျိုးတွေနဲ့ မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှုရှာဖွေရာမှာ တီမောလက်စတေ အာဏာပိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေတယ်”လို့ ပြောပါတယ်။
ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီးငြင်းချက်ထုတ်လို့မရတဲ့ “ခိုင်လုံတဲ့ အထောက်အထားတွေ” ကို အရှေ့တီမောအစိုးရရှေ့နေထံ တင်ပြထားတယ်လို့ CHRO က ဆိုပါတယ်။
အဲဒီအထဲမှာ ကိုယ်ဝန် ခုနစ်လရှိတဲ့ အမျိုးသမီးတဦးကို ခင်ပွန်းဖြစ်သူရှေ့မှာတင် အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ ဂျာနယ်လစ်တဦးနဲ့ ၁၃ နှစ်အရွယ် ကောင်လေးတဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေပါဝင်ပါတယ်။
အဆိုပါ လူသတ်မှုမှာ လူ ရှစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ခရစ်ယာန် ဘုရားကျောင်းတွေကိုတိုက်ခိုက်တာနဲ့ ဆေးရုံတရုံကို လေကြောင်းကနေ အဆမတန် ဗုံးကြဲတိုက်ခိုက်တာတွေအတွက်လည်း စစ်တပ်ကို စွပ်စွဲထားပါတယ်။
ဒီတိုင်ကြားမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) မူဝါဒအောက်ကနေ လုပ်ဆောင်တာပါ။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အဆိုအရ ဒီမူဝါဒဟာရာဇဝတ်မှု ကျူးလွန်တဲ့နေရာ ဒါမှမဟုတ် ကျူးလွန်သူနဲ့ ခံရသူရဲ့ နိုင်ငံသားဖြစ်မှုအပေါ် မမူတည်ဘဲ နိုင်ငံတကာက စိုးရိမ်ရတဲ့ ရာဇဝတ်မှုတွေကို ပြည်ပတရားရုံးတွေမှာ တရားစွဲဆိုခွင့် ပေးထားတာ ဖြစ်ပါတယ်။
CHRO ရဲ့ အဆိုအရ အခုတရားစွဲဆိုမှု လုပ်ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုကနေ နောက်ထပ် အာဆီယံအဖွဲ့ဝင်နိုင်ငံ တခုကို အရေးယူဆောင်ရွက်မှုမျိုးပထမဆုံးအကြိမ် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဒါဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးဆိုတဲ့ အာဆီယံမူဝါဒနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုတွေကြားကပဲ တီမောလက်စတေဟာ အောက်တိုဘာလမှာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
တီမောလက်စတေဟာ စစ်ကောင်စီကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာ၊ မြန်မာအတိုက်အခံ အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတာတွေ လုပ်တာကြောင့်စစ်ကောင်စီက မကျေမနပ် ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သမ္မတ ရာမို့စ်ဟောတာ အပါအဝင် တီမောလက်စတေခေါင်းဆောင်တွေဟာ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ဒီလီမြို့မှာ ဆက်သွယ်ရေးရုံး ဖွင့်ခွင့်ကိုလည်း ပေးခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာစစ်ကောင်စီက တီမောလက်စတေ သံတမန်ကို နှင်ထုတ်တာ၊ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ကန့်ကွက်တာတွေ လုပ်ခဲ့ပြီးနောက်မှာတော့ တီမောလက်စတေနိုင်ငံခြားရေး ဝန်ကြီးက စက်တင်ဘာလ နေပြည်တော် ခရီးစဉ်အတွင်းမှာ သူတို့မြေပေါ်မှာ တရားမဝင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ခွင့်မပြုပါဘူးလို့ ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့ တီမောလက်စတေအစိုးရဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတဲ့အတွက်ကန့်သတ်ချက်တချို့ ရှိလာနိုင်ပေမဲ့ မြန်မာ့ဒီမိုကရေစီရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ ထောက်ခံဖို့ ဆန္ဒရှိနေတာကတော့ ရှင်းနေပါတယ်။
ပြီးခဲ့တဲ့လက သမ္မတ ရာမို့စ်ဟောတာဟာ CHRO ကိုယ်စားလှယ်တွေနဲ့ ဒီလီမြို့မှာ တွေ့ဆုံခဲ့တဲ့အတွက် ဒါဟာ သိသိသာသာ ပြည်တွင်းရေး ဝင်စွက်ဖက်မှုဖြစ်တယ်လို့ ဆိုပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပါတယ်။
အခု ချင်းအဖွဲ့ရဲ့ တိုင်ကြားချက်အပေါ် တီမောလက်စတေအစိုးရရှေ့နေနဲ့ အစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာဟာ အာဆီယံရဲ့ အဖွဲ့ဝင်သစ် တီမောလက်စတေအနေနဲ့ ရှေ့လျှောက် မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပြသရာရောက်ပါလိမ့်မယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်လာခြင်းက သူတို့ရဲ့ ရပ်တည်ချက်အပေါ်ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲ ဆိုတာကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။
Ref – thediplomat
Photo – တီမောလက်စတေ သမ္မတရုံး ထုတ်ပြန်ချက်