ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းထုတ် ရေငုပ်သင်္ဘော စမ်းသပ်မှု အောင်မြင်

 

အဆိုပါ စီမံကိန်းဟာ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတော်တော်များများဆီက နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို ရယူထားတယ်လို့ သိရပါတယ်။ 

၃၀၊ ဇန်နဝါရီ။

ထိုင်ဝမ်ဟာ  ပထမဆုံး ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ ရေငုပ်သင်္ဘောရဲ့ ရေအောက်စမ်းသပ်မောင်းနှင်မှုကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

 

ဒါဟာ တရုတ်ရေတပ်ကို ဟန့်တားဖို့နဲ့ စစ်ဖြစ်လာရင် အရေးပါတဲ့ ပင်လယ်ရေကြောင်းလမ်းတွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ စီမံကိန်းအတွက် ကြီးမားတဲ့ မှတ်တိုင်တခုပဲ ဖြစ်ပါတယ်။

 

တရုတ်က သူတို့ပိုင်နက်လို့ အခိုင်အမာပြောနေတဲ့ ထိုင်ဝမ်ဟာ သူတို့ရဲ့ စစ်တပ်ကို ခေတ်မီအောင်လုပ်ဖို့ ရည်မှန်းချက်ကြီးကြီးထားပြီး လုပ်ဆောင်နေပါတယ်။

 

အထူးသဖြင့် ပေကျင်းဘက်က အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ပြသဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို နေ့တိုင်းနီးပါး လုပ်နေချိန်မှာ ထိုင်ဝမ်ဘက်ကလည်း အခုလို ကိုယ်ပိုင်ရေငုပ်သင်္ဘော စီမံကိန်းကို အဓိက အစိတ်အပိုင်းအဖြစ် ထည့်သွင်းထားတာပါ။

 

အဆိုပါ စီမံကိန်းဟာ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတော်တော်များများဆီက နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို ရယူထားတယ်လို့ သိရပါတယ်။ 

  

စုစုပေါင်း ရေငုပ်သင်္ဘော ရှစ်စင်းအထိ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး သင်္ဘောတည်ဆောက်ရေးကို ဦးဆောင်နေတဲ့ ထိုင်ဝမ်ရဲ့ CSBC ကုမ္ပဏီကတော့ နာဝဲလ်လို့ အမည်ပေးထားတဲ့ ပထမဆုံးသင်္ဘောဟာ ပထမဆုံးအကြိမ် ပင်လယ်ရေအောက် စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကြာသပတေးနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ ရေငုပ်သင်္ဘောဟာ ရေတိမ်ပိုင်း ရေငုပ်မောင်းနှင်မှု စမ်းသပ်ချက်ကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

 

ထိုင်ဝမ်တောင်ပိုင်း Kaohsiung ဆိပ်ကမ်းအနီးမှာ စမ်းသပ်ခဲ့ပြီးနောက်မှာတော့ “ရေငုပ်သင်္ဘောတွေဟာ ဟန့်တားနိုင်စွမ်းရှိတဲ့ အဓိက ဗျူဟာမြောက် စွမ်းဆောင်ရည်တခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

“နိုင်ငံတကာ အခြေအနေရဲ့ ကန့်သတ်ချက်တွေနဲ့ တရုတ်ကွန်မြူနစ်တွေရဲ့ ဖိအားတွေကြောင့် ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ရေငုပ်သင်္ဘော စီမံကိန်းဟာ စတင်ချိန်ကနေ အခုအထိ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်”လို့ CSBC က ပြောပါတယ်။

 

ထိုင်ဝမ်အနေနဲ့ ၂၀၂၇ ခုနှစ်မှာ ဒီလိုကိုယ်ပိုင်ထုတ် ရေငုပ်သင်္ဘော အနည်းဆုံး နှစ်စင်းကို အသုံးပြုနိုင်ဖို့ မျှော်လင့်နေပြီး နောက်ပိုင်းထွက်လာမယ့် မော်ဒယ်တွေမှာတော့ ဒုံးကျည်တွေပါ တပ်ဆင်နိုင်ဖို့ ရှိပါတယ်။

 

အမေရိကန်ဒေါ်လာ ၁.၅၈ ဘီလီယံ ကုန်ကျတဲ့ ဒီပထမဆုံး ရေငုပ်သင်္ဘောမှာ Lockheed Martin ကုမ္ပဏီထုတ် တိုက်ခိုက်ရေးစနစ်ကို သုံးထားပြီး အမေရိကန်ထုတ် Mark 48 အမျိုးအစား အလွန်လေးလံတဲ့ ရေအောက်သွားဒုံးကျည် တိုပီဒိုတွေကို တပ်ဆင်ထားမှာပါ။

 

တရုတ်နိုင်ငံမှာတော့ လေယာဉ်တင်သင်္ဘော သုံးစင်း၊ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တင် ရေငုပ်သင်္ဘောတွေ ရှိနေသလို ကိုယ်ပျောက်တိုက်လေယာဉ်တွေကိုလည်း ထုတ်လုပ်နေတဲ့အတွက် ထိုင်ဝမ်ရဲ့ စစ်အင်အားဟာ တရုတ်နဲ့ယှဉ်ရင် အများကြီး အားနည်းနေပါသေးတယ်။

 

ထိုင်ဝမ်ဟာ သူတို့ထက် အင်အားအများကြီးကြီးတဲ့ တရုတ်ကို ပြန်တိုက်ဖို့အတွက် အချိုးမကျတဲ့ စစ်ပွဲကို ဆင်နွှဲနိုင်အောင် ပြင်ဆင်နေတာပါ။ 

  

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ကာကွယ်ရေးကဏ္ဍအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ အပိုသုံးစွဲသွားမယ်လို့ ကြေညာခဲ့ပါတယ်။

 

Ref – Reuters