အသက် ၁၅ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲမှုကို ပိတ်ပင်မယ့် ဥပဒေကြမ်း ပြင်သစ်အောက်လွှတ်တော်မှာ အတည်ပြု

အထက်တန်းကျောင်းတွေမှာပါ လက်ကိုင်ဖုန်းသုံးစွဲတာကို ပိတ်ပင်မယ့် ဒီဥပဒေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသက် ၁၆ နှစ်အောက် ကလေးတွေကို ပိတ်ပင်ခဲ့တဲ့ သြစတြေးလျနိုင်ငံပြီးရင် ပြင်သစ်ဟာ ဒုတိယမြောက်နိုင်ငံ ဖြစ်လာမှာပါ။

 

၂၇။ ဇန်နဝါရီ။

 

အသက် ၁၅ နှစ်အောက် ကလေးတွေ လူမှုကွန်ရက်သုံးစွဲတာကို ပိတ်ပင်မယ့် ဥပဒေကြမ်းတရပ်ကို ပြင်သစ်လွှတ်တော်အမတ်တွေက အတည်ပြုလိုက်ပါတယ်။

 

ဒါဟာ ကလေးတွေကို ဖန်သားပြင် (screen) ကြည့်ရှုချိန် အလွန်အကျွံဖြစ်တာကနေ ကာကွယ်ဖို့အတွက် သမ္မတ အီမန်နျူရယ် မက်ခရွန်က အားပေးတိုက်တွန်းထားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။

 

ပြင်သစ်အောက်လွှတ်တော်ဟာ အဆိုပါ ဥပဒေကြမ်းကို တနင်္လာနေ့ ဇန်နဝါရီ ၂၆ ရက်ကနေ အင်္ဂါနေ့အထိ တညလုံးကြာအောင်ဆွေးနွေးခဲ့ကြပြီးနောက် ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၂၁ မဲနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

 

အဆိုပါ ဥပဒေကြမ်းဟာ ဥပဒေအဖြစ် အာဏာမတည်ခင်မှာ ပြင်သစ်အထက်လွှတ်တော်ဆီကို ဆက်လက် ပေးပို့သွားမှာ ဖြစ်ပါတယ်။

 

သမ္မတ မက်ခရွန်ကတော့ အခုလို မဲခွဲဆုံးဖြတ်လိုက်တာဟာ ပြင်သစ်ကလေးငယ်တွေနဲ့ လူငယ်တွေကို ကာကွယ်ဖို့အတွက်”အဓိကကျတဲ့ ခြေလှမ်းသစ်” တခုဖြစ်တယ်လို့ X လူမှုကွန်ရက်ပေါ်မှာ ချီးကျူးရေးသားခဲ့ပါတယ်။

 

အထက်တန်းကျောင်းတွေမှာပါ လက်ကိုင်ဖုန်းသုံးစွဲတာကို ပိတ်ပင်မယ့် ဒီဥပဒေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသက် ၁၆ နှစ်အောက် ကလေးတွေကို ပိတ်ပင်ခဲ့တဲ့ သြစတြေးလျနိုင်ငံပြီးရင် ပြင်သစ်ဟာ ဒုတိယမြောက်နိုင်ငံ ဖြစ်လာမှာပါ။

 

လူမှုကွန်ရက်တွေ ကျယ်ပြန့်လာတာနဲ့အမျှ Screen ကြည့်ရှုချိန် များလွန်းတာဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေပြီး စိတ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

 

“ကျွန်တော်တို့ ကလေးတွေနဲ့ လူငယ်တွေရဲ့ ခံစားချက်တွေဟာ အမေရိကန် ပလက်ဖောင်းတွေ ဒါမှမဟုတ် တရုတ် အယ်လ်ဂိုရီသမ်တွေက ရောင်းစားဖို့ ဒါမှမဟုတ် လှည့်စားဖို့အတွက် မဟုတ်ပါဘူး” လို့ မက်ခရွန်က စနေနေ့က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

 

အာဏာပိုင်တွေကတော့ ဒီကန့်သတ်ချက်ကို ၂၀၂၆ ပညာသင်နှစ် စတင်ချိန်ကစပြီးအကောင်အထည်ဖော်ချင်နေတာပါ။

 

အောက်လွှတ်တော်မှာ မက်ခရွန်ရဲ့ ရီနေးဆွန်းပါတီကို ဦးဆောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ဂါဘရီရယ် အာတဲလ်ကတော့ဖေဖော်ဝါရီလလယ်မှာ အထက်လွှတ်တော်ကနေ ဒီဥပဒေကို အတည်ပြုပြီး စက်တင်ဘာ ၁ ရက်နေ့မှာ အာဏာတည်နိုင်ဖို့မျှော်လင့်တယ်လို့ ပြောပါတယ်။

 

အသက်အရွယ် ကန့်သတ်ချက်နဲ့ မကိုက်ညီတဲ့ လက်ရှိအကောင့်တွေကို ပိတ်ပစ်ဖို့အတွက် လူမှုကွန်ရက် ပလက်ဖောင်းတွေအနေနဲ့ဒီဇင်ဘာ ၃၁ ရက်အထိ အချိန်ရမှာဖြစ်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

 

Ref – AFP