
“အရင်ကတော့ တအိမ်မှာ သုံးယောက်ရှိရင် တသိန်းပဲပေး၊ အဲလိုမျိုး လျော့ပေးတယ်။ သက်ကြီးရွယ်အိုမိဘရှိရင် လည်း သက်သာခွင့်ရတယ် အရင်က။ အခုမရတော့ဘူး။ သုံးယောက်ရှိရင် သုံးယောက်လုံးစာ၊ လေးယောက်ရှိ လည်း လေးယောက်စာ အပြည့်ပေးရတယ်”
၂၂၊ ဇန်နဝါရီ။
အင်္ဂပူမြို့နယ် အင်ပင်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းအရွယ် သားသမီးတွေရှိနေတဲ့ နေအိမ်တွေ ကနေ တယောက်အတွက် တလမှာ ခြောက်သောင်းကျပ်စီ ကောက်နေခဲ့ရာကနေ အခုအခါ တသိန်းကျပ်ထိ တိုး ကောက်နေပါတယ်။
“အရင်က ခြောက်သောင်း၊ အခု တသိန်းကောက်နေတာ။ အုပ်စုကြီးဆိုတော့ သိန်းရာချီရမှာပါ။ အဲဒါတွေကို လည်း အုပ်ချုပ်ရေးမှူးပဲ စားနေတာ။ စစ်မှုထမ်းငှားရတာက အဲလောက်ထိ မကုန်ဘူး” လို့ အင်ပင်ကုန်းကျေးရွာ အုပ်စုမှ အမည်မဖော်လိုတဲ့ ဒေသခံလူငယ်တဦးက ပြောပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဟာ အခုနှစ်ဆန်း ဇန်နဝါရီလကနေ စပြီးတော့ အဲဒီလိုစစ်မှုထမ်း ကြေးတိုးကောက်ခဲ့တာလို့ ဆိုပါတယ်။ အင်ပင်ကုန်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၆ ရွာရှိပြီး အိမ်ခြေ ထောင်ချီရှိတဲ့ အုပ်စုကြီးတခုဖြစ်ပါတယ်။
အဲဒီလို စစ်မှုထမ်းကြေး တိုးပေးနေကြရတာကြောင့် လယ်ယာ၊ စိုက်ပျိုးရေးလုပ်ငန်း အဆင်မပြေ၊ ဒေသထွက်ကုန် တွေ စျေးကောင်းမရ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကြုံနေကြရတဲ့ ပြည်သူတွေအဖို့ အခက်အခဲနဲ့ ကြုံကြရတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ တအိမ်မှာ သုံးယောက်ရှိရင် တသိန်းပဲပေး၊ အဲလိုမျိုး လျော့ပေးတယ်။ သက်ကြီးရွယ်အိုမိဘရှိရင် လည်း သက်သာခွင့်ရတယ် အရင်က။ အခုမရတော့ဘူး။ သုံးယောက်ရှိရင် သုံးယောက်လုံးစာ၊ လေးယောက်ရှိ လည်း လေးယောက်စာ အပြည့်ပေးရတယ်” လို့ အထက်ပါလူငယ်က ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက အင်္ဂပူအပြင် မြန်အောင်၊ ဘိုကလေး၊ ဖျာပုံ၊ ပုသိမ် စတဲ့မြို့နယ်တွေမှာလည်း အခုလိုမျိုး စစ်မှုထမ်းကြေး တိုးကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံပြည်က ပြောထားကြပါတယ်။
“တလ တလ စစ်မှုထမ်းကြေးပေးရတာ မလွယ်ဘူး ဒီဘက်မှာ၊ တသိန်းခွဲလောက်ထိ ပေးရတဲ့ရွာတွေ ရှိတယ်။ ဒီ ဘက်မှာတော့ ရှစ်သောင်းပေးရတယ်။ ဒီနှစ် ပဲခင်းလည်းမဖြစ်၊ အရင်းရဖို့တောင် မသေချာဘူး။ လူတွေ အရမ်း ကျပ်တည်းကြတယ်” လို့ မြန်အောင်မြို့နယ်မှ တောင်သူအမျိုးသမီးတဦးက ပြောပါတယ်။
စစ်မှုထမ်းကြေးဆိုတာဟာ စစ်ကော်မရှင်က ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမယ့် အသက်အရွယ်ရှိ နေသူတွေ စစ်မှုမထမ်းလိုတဲ့အခါ ပေးရတဲ့ လစဉ်ကြေးဖြစ်ပြီး စစ်မှုထမ်းလိုက်ပါမယ့်သူတွေကို ငှားရမ်းဖို့ အတွက် ကောက်ခံတဲ့ငွေကြေးအဖြစ် အုပ်ချုပ်ရေးမှူးတွေက ခေါင်းစဉ်တပ်ကြပါတယ်။ ဒါပေမယ့် ကောက်ခံရရှိငွေထဲက ပိုငွေတွေဟာ ခရိုင်၊မြို့နယ်၊ကျေးရွာ အဆင့်ဆင့် အထွေထွေအုပ်ချုပ်ရေး လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ နယ်မြေစစ်တပ်အရာရှိတွေ ခွဲဝေယူနေကြတာ ဖြစ်ပါတယ်။
နိုင်ငံအဝှမ်း နယ်မြေတွေများစွာ လက်လွှတ်နေရပြီး တပ်သားလိုအပ်ချက်လည်း များစွာရှိနေတဲ့ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်းတွေ ဆက်တိုက်ခေါ်နေပြီး စစ်မှုထမ်းရမယ့် လူအရေအတွက်ကိုလည်း တလထက် တလ တိုးခေါ်လာနေတာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ သာပေါင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ ရွှေ သောင်ယံမြို့နယ်တွေမှာရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီ စစ်မှုထမ်းသင်တန်းဆင်းတွေကို ပို့နေပြီး တိုက်ပွဲအ တွင်း သေဆုံးသွားသူတွေကိုလည်း လူဂုဏ်သိက္ခာနဲ့အညီ သဂြိုလ်ခွင့်မရသလို ၊ သက်ဆိုင်ရာ မိသားစုတွေ ဆီကိုလည်း ပြန်ပို့မပေးဘူးလို့ သိရပါတယ်။
တောင်သူလယ်သမားအများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစုစျေးကြီးတာ၊ စပါးစျေးကောင်းမရတာတို့ကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေရချိန် အခုလိုမျိုးစစ်မှုထမ်းစရိတ်ပါ လစဉ် ပေးနေကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားသို့ ပွဲစားတွေဆီကတဆင့် ထွက်သွားကြရပြီး လမ်းခုလတ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
နိုင်ငံအဝှမ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး နယမြေ၊ စစ်သားအင်အားများစွာ ဆုံးရှုံးထားရတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုး သားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်းကျောင်းသားအရွယ်ဆယ်ကျော်သက်လူငယ် တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့နေခဲ့ပြီး အခုအခါ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၂၀ ထိ ရှိခဲ့ပြီဖြစ်ပါတယ်။