ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတောတဲ့ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေ

“ဧရာ၀တီ စစ်မျက်နှာမှာတော့ လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာတဝိုက်မှာ အပြန်အလှန်တိုက်စစ်၊ ထိုးစစ် တွေနဲ့ နေ့စဉ်နေ့တိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာ ရှိပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

၁၉၊ ဇန်နဝါရီ။

စစ်ကော်မရှင်က ရွေးကောက်ပွဲ တတိယအသုတ်ကျင်းပမယ့်ထဲ ပါဝင်တဲ့ ဧရာ၀တီတိုင်း လေးမျက်နှာနဲ့ အင်္ဂပူမြို့ နယ်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်နေတာ ရက်အတန်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေဟာ လေးမျက်နှာမြို့နယ် စက်စက်ယို၊ ချင်းကုန်း၊ သဲနုကုန်းရွာတဝိုက်နဲ့ အင်္ဂပူမြို့နယ် ပိန္နဲကွင်းရွာအနီး ဝန်းကျင်တွေမှာ  ဖြစ်ပွားနေတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“စက်စက်ယိုတဝိုက် တိုက်ပွဲပြင်းတယ်။ အင်္ဂပူဘက်မှာတော့ ကွင်းကောက်နားပေါ့၊ အဲဒီနားတွေမှာ တိုက်ပွဲရှိပါ တယ်။ စကစက စစ်ကြောင်းတွေထိုးလာလို့ ဖြစ်တာပါ။ ပွဲကနေ့တိုင်းဖြစ်တယ်။ တိုက်ပွဲပိုပြင်းလာတဲ့အခြေအနေ လို့ ပြောရင်ရပါတယ်” လို့ AA နဲ့နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ဧရာ၀တီစစ်မျက်နှာ လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ် ပွား နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတယ်လို့ အတည်ပြုပြောဆိုပါတယ်။

“ဧရာ၀တီ စစ်မျက်နှာမှာတော့ လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာတဝိုက်မှာ အပြန်အလှန်တိုက်စစ်၊ ထိုးစစ် တွေနဲ့ နေ့စဉ်နေ့တိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာ ရှိပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲတွေဖြစ်နေပြီး နယ်မြေတွေ လက်လွှတ်ထားရတဲ့ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူမြို့ နယ်တွေအတွင်း ရွေးကောက်ပွဲ တတိယအသုတ်ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေထဲက လေးမျက်နှာမြို့နယ်မှာဆိုရင် မြို့နယ်ဧရိယာရဲ့ ထက်ဝက်ဝန်းကျင်နဲ့ သာပေါင်းမြို့နယ်မှာ ကျေးရွာအုပ်စုလေးခုတို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ နေရာအဖြစ် ထုတ်ပြန်ထားပါတယ်။ တချိန်တည်း မှာပဲ စစ်ကော်မရှင်တပ်ဟာ နယ်မြေတွေ ထပ်မံလက်မလွှတ်ရစေဖို့နဲ့ လက်လွှတ်ထားရတဲ့ နယ်​မြေတွေ ပြန်ရဖို့ အင်အားအလုံးအရင်းသုံးပြီး တန်ပြန်ထိုးစစ်ဆင်တာတွေ ရှိနေတာပါ။

“ငသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ တလျှောက်ကတော့ ကိုယ့်လူတွေ ရထားတဲ့ နယ်မြေတွေများတယ်။ အခု တိုက်ပွဲမှာလည်း စခန်းတွေ ထပ်ရတာရှိတယ်၊ ဒါပေမယ့် ဆုတ်လိုက်၊ သိမ်းလိုက် အခြေအနေတွေပါ၊ လေကြောင်းက နေ့တိုင်းနီးပါး လာတယ်” လို့ AA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ချင်းကုန်း၊ သဲနုကုန်းတို့ဟာ စစ်တပ်ရဲ့ ငသိုင်းချောင်း၊ မြောက်စမ်းရွာ အမြောက်တပ် အမတ ၃၄၄ နဲ့ နီးပြီး ပိန္နဲကုန်းကတော့ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့နဲ့ နီးကပ်ပါတယ်။

“လက်နက်ကြီးသံ​တွေ ဒီဘက်ကတောင် ကြားရတယ်။ ညဘက်ပစ်တာဆို ပိုကြားရတယ်။ ကွင်းကောက်ဘက်က ပစ်တာတွေကို ကြားရတာပါ။ ကျွန်တော်တို့ဘက်မှာတော့ တိုက်ပွဲတွေမရှိသေးဘူး” လို့ မြန်အောင်မြို့နယ်မှ ဒေသ ခံအမျိုးသားတဦးက ပြောပါတယ်။

စစ်တပ်ဟာ မြေပြင်မှာ အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်နေပေမယ့် နယ်မြေတွေ ပြန်လည် သိမ်းပိုက်နိုင်တာမရှိဘဲ တပ်သားဆုံးရှုံးမှုတွေ ပိုများနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“ချင်းကုန်းဘက်တိုက်ပွဲ အသေအပျောက် တအားများတယ်။ သူတို့ အသေများရင် လေယာဉ်လာပြီ၊ လေယာဉ်လာ ချလို့ စုံစမ်းကြည့်လိုက်ရင် ဆယ်ချီသေတာပဲကြားတယ်” လို့ ငသိုင်းချောင်း​ဒေသခံသတင်းရင်း မြစ်တဦးက ပြောပါ တယ်။

စစ်တပ်ဟာ ဧရာ၀တီတိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ သင်တန်းဆင်းကာစ ပြည်သူ့စစ်တွေကို အများအပြား အသုံးပြုလေ့ရှိပြီး ရှေ့တန်းအကျဆုံးနေရာတွေဆီ စေလွှတ်တိုက်ခိုက်ခိုင်းနေတယ်လို့ ပြောကြ ပါတယ်။ တချိန်တည်းမှာပဲ စစ်ကော်မရှင်လက်အောက်ခံတွေဟာ ဧရာ၀တီတိုင်းအတွင်းက ကျေးရွာတွေမှာ တရွာကို တလမှာ တယောက်နှုန်းကျ စစ်မှုထမ်းပေးဖို့ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသခံတော်လှန်ရေးတပ်တွေနဲ့ AA အဖွဲ့တို့ဟာ ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ ရေကြည်မြို့နယ် အတွင်းရှိ ရိုးမတောင်ခြေတလျှောက်၊ ပုသိမ် -မုံရွာလမ်းတလျှောက်ဒေသတွေ၊ သာပေါင်း – ရွှေသောင်ယံတလျှောက် ဒေသတွေ၊ ရွှေသောင်ယံ ကမ်းခြေတလျှောက် ဒေသတွေကို သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ တတိယအသုတ်ကို မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ အခုတိုက်ပွဲဖြစ်နေတဲ့ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်တို့နဲ့ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲမြို့နယ် တို့ပါဝင်ပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက် ပွဲ ဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး လက်ရှိဧရာ၀တီတိုင်းအတွင်း တိုက်ပွဲဖော်နေတဲ့ AA ကလည်း သူတို့ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပမှာကို လက်မခံဘူးလို့ ဆိုထားပါတယ်။