
အမေရိကန်ပြည်တွင်း မီဒီယာကြီးတွေကလည်း ဒီခရီးစဉ်ကို ခမ်းခမ်းနားနားနဲ့ အလေးပေးဖော်ပြနေကြပြီး ရဟန်းတော်တွေရောက်ရှိရာ နေရာတိုင်းမှာ လူပေါင်းရာနဲ့ချီ၊ ထောင်နဲ့ချီပြီး စောင့်မျှော်ကြိုဆိုနေကြတာပါ။
၁၇၊ ဇန်နဝါရီ။
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အသီးသီးကို ဖြတ်သန်းပြီး ဝါရှင်တန်ဒီစီမြို့တော်ဆီကို ဦးတည်ကြွချီနေတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ဟာ အခုဆိုရင် အမေရိကန်လူထုကြားမှာတင်မကဘဲ တကမ္ဘာလုံးကစောင့်ကြည့်ရတဲ့ လှုပ်ရှားမှုကြီးတခု ဖြစ်လာပါတယ်။
ဒီခရီးစဉ်ဟာ တက္ကဆက်ပြည်နယ်ကနေ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မိုင်ပေါင်း ၁,၀၀၀ ကျော်ကို ခြေလျင်ဖြတ်သန်းခဲ့ပြီးပြီဖြစ်သလို သူတို့ရဲ့ တရားဝင် Walk for Peace Facebook Page မှာလည်း အားပေးဝန်းရံသူ (Follower) ပေါင်း ၁.၆ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်တွင်း မီဒီယာကြီးတွေကလည်း ဒီခရီးစဉ်ကို ခမ်းခမ်းနားနားနဲ့ အလေးပေးဖော်ပြနေကြပြီး ရဟန်းတော်တွေရောက်ရှိရာ နေရာတိုင်းမှာ လူပေါင်းရာနဲ့ချီ၊ ထောင်နဲ့ချီပြီး စောင့်မျှော်ကြိုဆိုနေကြတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကာန်နာပိုလစ်မြို့ကို ရောက်ရှိချိန်မှာဆိုရင် Mount Olivet United Methodist ဘုရားကျောင်းထဲမှာ လူတွေပြည့်နှက်နေပြီး ရဟန်းတော်တွေကို ဖူးမြော်ဖို့နဲ့ ငြိမ်းချမ်းရေးသတင်းစကား နာယူဖို့အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြတဲ့အထိ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
တချို့ဆိုရင် နှင်းမုန်တိုင်းတွေကြားထဲ ၁၁ နာရီကြာအောင် ကားမောင်းလာပြီး လာရောက်အားပေးကြတာပါ။ ဒေသခံတွေကတော့ ဒီခရီးစဉ်ဟာ လူသားချင်း ဆက်နွှယ်မှုနဲ့ ငြိမ်းချမ်းရေးကို တောင့်တနေတဲ့ လူတွေအတွက် အင်မတန် အစွမ်းထက်တဲ့စွမ်းအင်တခု ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊ ခရီးစဉ် ၈၄ ရက်မြောက်နေ့မှာတော့ ရဟန်းတော်တွေဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ China Grove ကနေ Salisbury နဲ့ Spencer မြို့တွေဆီကို US-29 လမ်းမကြီးအတိုင်း ဆက်လက်ကြွချီနေပါတယ်။
ဒီကနေ့ မွန်းတည့်ပိုင်းမှာတော့ Spencer မြို့က N.C. Transportation Museum မှာ ခေတ္တရပ်နားပြီး လူထုနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။ ညပိုင်းမှာတော့ ရဟန်းတော်တွေ အနားယူဖို့အတွက် သီးသန့်နေရာမှာ သီတင်းသုံးမှာဖြစ်လို့ လူထုနဲ့တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ သူတို့ရဲ့ Page ကနေ မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။
ခရီးစဉ်တလျှောက်လုံးမှာ ရဟန်းတော်တွေဟာ မေတ္တာတရား၊ သတိတရားနဲ့ ကရုဏာတရားတွေကို ဖြန့်ဝေပေးနေတာဖြစ်ပြီးလမ်းခရီးမှာ နွေးနွေးထွေးထွေး ကြိုဆိုကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားထားပါတယ်။
လာမယ့် ဇန်နဝါရီ ၁၉ ရက် ဒါမှမဟုတ် ၂၀ ရက်ဝန်းကျင်မှာတော့ Triad ဒေသဆီကို ရောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ရဟန်းတော်တွေရဲ့ လက်ရှိရောက်ရှိနေတဲ့ နေရာကို Live Map ကနေတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
Photo – Walk for Peace (Facebook)