
“လယ်သမားတွေကို အများကြီးဖြေလျော့ပေးဖို့လိုတယ်။ ဒါမှလည်း လယ်သမားတွေ အဆင်ပြေမှာ။ အခုက ဧရာ၀တီမှာ လယ်သမားတွေ လယ်ယာမဲ့တွေ ဖြစ်ကုန်တော့မယ် ဒီခြေအနေအတိုင်းဆိုရင်၊ သွင်းအားစုကကြီး ပိုးမွှားက ဖျက်ဆိုတော့ လယ်လုပ်ရတာ တကယ်ကို မလွယ်တော့ဘူး
၁၄၊ ဇန်နဝါရီ။
သွင်းအားစု စျေးကြီးတာ၊ ရာသီဥတုမမှန်တာ၊ စပါးစျေးကောင်းမရတာတို့ကြောင့် အရှုံးပေါ်သူများနေတဲ့ လယ် သမားတွေဆီကနေ စိုက်ပျိုးစရိတ်ချေးငွေတွေ အတင်းအဓမ္မတောင်းခံနေပြီး ပြန်မဆပ်တဲ့သူတွေကို လယ်ယာ ပိုင်ဆိုင်မှု အထောက်အထားနဲ့ လယ်ယာမြေတွေ သိမ်းဆည်းသွားမယ်ဆိုပြီး စိုက်ပျိုးရေးဘဏ် တာဝန်ရှိသူတွေက ခြိမ်းခြောက်နေပါတယ်။
“ဘဏ်မန်နေဂျာကနေပြီးတော့ အဲဒီလိုတွေ ပြောနေတာ၊ မြန်မြန်ဆပ်ကြ၊ မဆပ်ရင် လယ်သိမ်းပစ်မယ်၊ ဖမ်းခိုင်း မယ်ဆိုတာမျိုးတွေ ပြောနေတာပါ။ လယ်သမားတွေကို တိုက်ရိုက်လည်း ပြောတယ်၊ အုပ်ချုပ်ရေးမှူးတွေ ဆီကတ ဆင့်လည်း ပြောနေတယ်” လို့ ဟင်္သတမြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦးထွန်းလှိုင်က ပြောပါတယ်။
ဟင်္သာတမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဖြစ်သူက အဲဒီလို ပြောဆို၊ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ လယ်သမားတွေမှာ ပိုးမွှားဖျက်တာ၊ ဓါတ်မြေဩဇာအလုံအလောက်မသုံးနိုင်လို့ အထွက်နည်းတာ စတဲ့အချက်တွေကြောင့် လယ်ယာလုပ်ငန်းမှ အမြတ်နည်း၊ အရှုံးပေါ်တဲ့အတွက် ချေးငွေတွေ အချိန်မီ ပြန်မဆပ်နိုင် ဖြစ်နေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စပါးတင်းတရာကို ၁၄ သိန်းဝန်းကျင်သာ ရှိနေပြီး စိုက်ထားတဲ့ အရင်းအနှီးတွေနဲ့ တွက်ရင် အမြတ်မရ ဘူးလို့ လယ်သမားတွေက ပြောကြပါတယ်။
“လယ်တွေ ပေါင်ပြီး လယ်ဆက်လုပ်နေတဲ့ တောင်သူတွေတောင် ရှိတယ်။ အဲဒါ ချေးငွေတွေပါ ဆပ်ဖို့ဆိုရင် လယ်တွေ ရောင်းရတော့မယ့် အခြေအနေ၊ ရောင်းပြီး ဆပ်နေရတဲ့ လယ်သမားတွေလည်း ရှိတယ်” လို့ ဦးထွန်းလှိုင်က ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ ဧရာ၀တီတိုင်းအတွင်းရှိ ကျန်မြို့နယ်တွေမှာလည်း အခုလိုမျိုး စိုက်ပျိုးစရိတ်ချေးငွေတွေကို အတင်းအကြပ်၊ ခြိမ်းခြောက်တောင်းတာတွေ ရှိနေတယ်လို့ ဒေသခံလယ်သမား တွေဆီက သိရပါတယ်။
လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ လယ်သမားတွေကို လယ်ယာမြေပိုင်ဆိုင်ခြင်းအထောက်အထား ပုံစံ(၇)ကို အ ပေါင်သဘောနဲ့ ယူထားပြီး လယ်တဧအတွက် ကျပ်တသိန်းခွဲနှုန်းနဲ့ လယ်သမားတဦးကို နာမည်တခုအတွက် ဆယ်ဧကစာ နှစ်စဉ်ပုံမှန် ထုတ်ချေးပေးလာခဲ့တာ ဖြစ်ပါတယ်။
လယ်သမားတွေဟာ အရင် အစိုးရအဆက်ဆက် ကတည်းက နှစ်စဉ်ပုံမှန် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေတွေ ချေးယူနေခဲ့ကြတာဖြစ်ပြီး ပုံမှန်ကာလတွေတုန်းက ချေးငွေဆပ်နိုင်ခဲ့ကြပေမယ့် ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှားဖျက်ဆီးမှု၊ ကိုဗစ်ကာလ စီးပွားရေးကြပ်တည်းမှု၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသွင်းအားစုတွေ စျေးတက်တာ၊ စပါးစျေးကွက် မတည်ငြိမ်တာ တွေကြောင့် ချေးငွေဆပ်နိုင်ဖို့ အခက်အခဲ ဖြစ်ကြရတယ်လို့ သိရပါတယ်။
ဒါပေမယ့် အရပ်သားအစိုးရလက်ထက်မှာတော့ စိုက်ပျိုးစရိတ်ချေးငွေကို အပြည့်အ၀မဆပ်နိုင်ပေမယ့် အတိုးငွေ ပုံမှန်ပေးထားရင် အဆင်ပြေနိုင်ခဲ့ကြပေမယ့် အာဏာသိမ်း စစ်တပ်လက်ထက်မှာတော့ မဖြစ်မနေဆပ်ကြဖို့ ခြိမ်းခြောက် တောင်းခံနေတာ ဖြစ်ပါတယ်။
အရင်နှစ်တွေတုန်းက စပါးတင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါးစျေးတည် ငြိမ်မှုမရှိဘဲ ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခတွေ နုတ် လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံတွေ လယ်သမားတွေက ပြောကြပါတယ်။
ဒ့ါကြောင့် လယ်သမားတွေအတွက် လယ်ယာထွက်ကုန် စပါးစျေးကောင်းရဖို့၊ သွင်းအားစုတွေ စျေးကျဖို့အတွက် စီစဉ်ဆောင်ပေးဖို့လိုအပ်ပြီး အဲဒီလိုဆောင်ရွက်ပေးခြင်းမရှိဘဲ ချေးငွေတွေကိုပဲ ခြိမ်းခြောက်တောင်းခံနေတာဟာ တရားလွန်တယ်လို့ လယ်သမားတွေက ဝေဖန်ကြပါတယ်။
“လယ်သမားတွေကို အများကြီးဖြေလျော့ပေးဖို့လိုတယ်။ ဒါမှလည်း လယ်သမားတွေ အဆင်ပြေမှာ။ အခုက ဧရာ၀တီမှာ လယ်သမားတွေ လယ်ယာမဲ့တွေ ဖြစ်ကုန်တော့မယ် ဒီခြေအနေအတိုင်းဆိုရင်၊ သွင်းအားစုကကြီး ပိုးမွှားက ဖျက်ဆိုတော့ လယ်လုပ်ရတာ တကယ်ကို မလွယ်တော့ဘူး” လို့ ဟင်္သာမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်သူတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေ မယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျ သွားခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။