
ငါတို့လည်း မဲသွားမပေးဘူး။ မဲပေးလည်း ဘာမှမထူးလာဘူးလို့ ကြားတယ်လေ၊ လူတွေ ပြောနေကြ တာ၊ အဲလိုဆိုတော့ ဘယ်ပေးတော့မလဲ မပေးတော့ဘူး။ ကိုယ့်အိမ်မှာကိုယ်ပဲ အေးဆေးနေလိုက်တယ်။ ငါတို့ ရပ်ကွက်မှာ မဲပေးတာ ငါးပုံတပုံလောက်တောင် ရှိမယ်မထင်ဘူး”
၁၂၊ ဇန်နဝါရီ။
ရွေးကောက်ပွဲ ဒုတိယအသုတ်ကို ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ကိုးခုမှာ ကျင်းပခဲ့ပြီး ပထမ အသုတ်ထက် မဲလာပေးသူ နည်းပါးခဲ့တာ တွေ့ခဲ့ရသလို နေရာအများစုကို စစ်တပ်ကျောထောက် နောက်ခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက အနိုင်ရပြီး တိုင်းရင်းသားစည်လုံးညီညွှတ်ရေးပါတီ (တစည) က နေရာအနည်းငယ် အနိုင်ရခဲ့ပြီး ကျန်ပါတီတွေ အနိုင်ရတာမရှိဘူးလို့ သိရပါတယ်။
“အတိအကျတော့ မသိရသေးဘူး၊ ဒါပမေယ့် ကြံ့ခိုင်ရေးပဲ နိုင်ပါတယ်။ ငပုတောနဲ့ လပွတ္တာဘက်မှာတော့ တစည က နည်းနည်းနိုင်တယ်ကြားတယ်။ ကျန်ပါတီတွေ မနိုင်ဘူး။ လတ်တလော သိရတာပါ ဒါက” လို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နီးစပ်တဲ့ ဒေသခံပြည်သူ့ပါတီဝင်တဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဒုတိယအသုတ်ကို မြို့နယ်ပေါင်း ၁၀၀ မှာ မနေ့က ကျင်းပခဲ့တာဖြစ်ပြီး ဧရာ၀တီ တိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်ခဲ့ပါတယ်။
ပထမအကြိမ် ရွေးကောက်ပွဲတုန်းကလည်း ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ရှစ်ခုထဲ ကြံခင်းမြို့နယ်မှာ တစညပါ တီက အနိုင်ရခဲ့ပြီး ကျန်နေရာအားလုံးကို ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရခဲ့ကာ တခြားပါတီတွေ တနေရာမှ မနိုင်ခဲ့ပါ ဘူး။ အခုတကြိမ်မှာလည်း တခြားပါတီတွေ အနိုင်ရတာ မရှိဘူးလို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ ဒုတိယအသုတ်အတွက် မဲအရေအတွက်နဲ့ အနိုင်ရကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တရား၀င်ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ဟာ ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲတွေ အများအပြား ကြိုယူခဲ့သလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဘက်ကလည်း မဖြစ်မနေ မဲသွားပေးကြဖို့ မဲမပေးရင် စစ်မှု ထမ်းပို့မယ်၊ အရေးယူမယ်စတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အတင်းအကြပ်၊ ဖိအားပေး မဲပေးခိုင်းတာတွေ ရှိခဲ့ပါတယ်။
ဒါ့ပေမယ့် ရွေးကောက်ပွဲမှာ မဲလာပေးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ပထမအသုတ်လောက်တောင် မရှိခဲ့ဘဲ အချို့မြို့နယ်တွေမှာ တအိမ်တက်တအိမ်ဆင်း မဲလာပေးဖို့ လိုက်ခေါ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။
“မရှိပါဘူး။ ငါတို့လည်း မဲသွားမပေးဘူး။ မဲပေးလည်း ဘာမှမထူးလာဘူးလို့ ကြားတယ်လေ၊ လူတွေ ပြောနေကြ တာ၊ အဲလိုဆိုတော့ ဘယ်ပေးတော့မလဲ မပေးတော့ဘူး။ ကိုယ့်အိမ်မှာကိုယ်ပဲ အေးဆေးနေလိုက်တယ်။ ငါတို့ ရပ်ကွက်မှာ မဲပေးတာ ငါးပုံတပုံလောက်တောင် ရှိမယ်မထင်ဘူး” လို့ ဖျာပုံမြို့နယ် အမာမြို့မှ ဒေသခံအမျိုးသမီးတဦး က ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်၊ ပြောဆို မဲပေးခိုင်းထားတာတွေကြောင့် မဲမပေးချင်ပေမယ့် မဲသွားပေးခဲ့ရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
လပွတ္တာမြို့နယ် ကျေးရွာတခုမှ အမည်မဖော်လိုသူ ဒေသခံတဦးက “ရွာမှာမဲပေးတာတော့ ရာဂဏာန်းလောက်ရှိမယ်။ မနက်ပိုင်းလေးပဲ ပြီးသွားတာ။ အများစုကတော့ နဂိုကတည်းက ကြံ့ခိုင်ရေး ထောက်ခံသူတွေပဲ။ ငါတို့ကတော့ ရွာမှာပဲရှိနေသေးတော့ မဲလာမထည့်ရင် စစ်မှုထမ်းရမယ်ဆိုလို့ ကြားလို့ သွားထည့်လိုက်တာ။ လာတော့ မပြောဘူး ။ ကောလာဟလပေါ့။ မဲမထည့်ရင် စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းက ပြန့်နေတော့ အမေတို့က စိုးရိမ်တာပေါ့ အဲ့ဒါ အတင်းသွားထည့်ပေါ့ သူတို့လည်းထည့်တယ်” လို့ ဆိုပါတယ်။
သူ့အနေနဲ့ မဲသွားမပေးရင် နောက်ဆက်တွဲ ဖြစ်လာမှာတွေကို စိုးရိမ်ပြီး မဲသွားပေးခဲ့ပေမယ့် ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှု မရှိဘူးလို့လည်း ဆိုပါတယ်။
“အတွေ့အကြုံကတော့ ထူးထွေတော့မရှိဘူး ခလုတ်လေးနှိပ်လိုက်ရုံပဲဆိုတော့။ (စာရွက်ထွက်လာတော့ ကိုယ်ပေး တဲ့ ပါတီ ဟုတ်မဟုတ် ကြည့်လို့ရလား) မသိပါဘူးဟာ ခလုတ်နှိပ်ပြီး တန်းထွက်လာတာ စိတ်လည်းမဝင်စားဘူး။ ငါလည်း ကြံ့ဖွတ်မဟုတ်ပြီးရောဆိုပြီး တွေ့တာနှိပ်ထည့်လိုက်တာဆိုတော့ အဲ့လောက်လည်း အားမသန်နေတော့ မကြည့်မိဘူး” လို့ သူကပြောပါတယ်။
ပထမအသုတ် ရွေးကောက်ပွဲအတွင်းမှာ ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှု မရှိတာ၊ မဲပေးနေချိန် မဲပေးစက်တွေ ပျက်သွားတာ၊ ကြံ့ခိုင်ရေးပါတီတခုတည်းကပဲ အနိုင်ရသွားတာ စတဲ့အချက်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုမဟုတ်ဘူးလို့ ပြောနိုင်ကြောင်း ပြည်သူ့ပါတီရဲ့ ဧရာ၀တီတိုင်း အတွင်းရေးမှူး ဦးစိန်သောင်းက ပြောထားပါတယ်။
အခုဒုတိယအသုတ်ရွေးကောက်ပွဲအတွင်း အခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားပြီး ဧရာ၀တီတိုင်းအတွင်းမှ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။