ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကြေးလျော့ကောက်မယ်ဆိုပြီး မက်လုံးပေးနေ

“အခုရွေးကောက်ပွဲမှာ မဲပေးစရာပါတီ မမြင်ဘူး။ ရာအိမ်မှူးတွေကတော့ ကြံ့ဖွံ့ကိုပဲ ပေးခိုင်းနေတယ်၊ တယောက်ချင်း လိုက်ပြောတာပါ၊ အစည်းအဝေးတွေ ခေါ်ပြီးပြောတာတော့ မဟုတ်ဘူး”

၁၀၊ ဇန်နဝါရီ။

ဧရာ၀တီတိုင်းအတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီစည်းရုံးရေးမှူးတွေနဲ့ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ ကြံ့ခိုင်ရေးကို မဲပေးရင် စစ်မှုထမ်းကြေး လျော့ကောက်မယ်၊ စစ်မှုထမ်း လိုက်စရာမလိုဘူးစတဲ့ မက်လုံးတွေနဲ့ စည်းရုံးမဲထည့်ခိုင်းနေပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဦသန်းထွန်းရဲ့ သာပေါင်းမြို့နယ်အတွင်းက ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲအပြီးနောက်ပိုင်းမှာ ပါတီဝင်တွေ၊စည်းရုံးရေးမှူးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေက တလုပ်ကုန်းအုပ်စုအတွင်းမှာ အခုလို မက်လုံးပေး စည်းရုံးတာတွေ ရှိလာခဲ့တာပါ။

“အထက်က ခိုင်းထားလို့ ပြောကြတာနဲ့တူတယ်၊ စည်းရုံးရေးမှူးတွေရော အုပ်ကြီးတွေရောပဲ လိုက်ပြောနေတာ ဒီ ဘက်မှာ မဲပေးကြပေ့ါ၊ ပေးရင်လည်း ကြံ့ခိုင်ရေးကိုပဲပေး၊ စစ်မှုထမ်းကြေးလျော့ကောက်မယ်၊ စစ်မှုထမ်းလည်း မလိုက်စေရဘူးဆိုပြီး ပြောနေတာ၊ လူတွေကတော့ မယုံကြပါဘူး သူတို့ပြောတာကို” လို့ သာပေါင်းမြို့နယ်မှ အ မည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဥပဒေနဲ့ အကြုံးဝင်သူ တယောက်ကို ကျပ်သိန်းဂဏန်းထိ လစဉ်ကောက်ခံနေတာပါ။ ဒါ့အပြင် စစ်မှုထမ်းဖို့အတွက်လည်း  တလလျှင် တရွာတယောက်နှုန်းကျ တောင်းခံပြီး သင်တန်းပေး၊ ရှေ့တန်းပို့တာတွေလည်း ရှိနေပါတယ်။

အလားတူပဲ တခြား ဘိုကလေး၊ ဖျာပုံစတဲ့မြို့နယ်တွေမှာလည်း စစ်ကော်မရှင်လက်အောက်ခံတွေက ရွေးကောက် ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။

“အခုရွေးကောက်ပွဲမှာ မဲပေးစရာပါတီ မမြင်ဘူး။ ရာအိမ်မှူးတွေကတော့ ကြံ့ဖွံ့ကိုပဲ ပေးခိုင်းနေတယ်၊ တယောက်ချင်း လိုက်ပြောတာပါ၊ အစည်းအဝေးတွေ ခေါ်ပြီးပြောတာတော့ မဟုတ်ဘူး” လို့ ဖျာပုံမြို့နယ် အမာမြို့မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကလည်း ကြံ့ခိုင်ရေးပါတီရဲ့ ဇလွန်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးချိုမြင့်နိုင်ဟာ သူတို့ပါတီကို ကူညီထောက်ခံရင် အုပ်ချုပ်ရေးမှူးခန့်မယ်လို့ ဇလွန်မြို့ နယ်၊ နန်းတော်ကျွန်းကျေးရွာက NLD ပါတီဝင်တွေကို စည်းရုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း သူရဲ့ခရီးစဉ်တိုင်းမှာ စစ်တပ်ကျောထောက် နောက်ခံ ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်တာတွေ ရှိနေပါတယ်။ကြံ့ခိုင်ရေးပါတီဟာ ပါတီစည်းရုံးရေးတွေမှာ မက်လုံးပေး၊ ခြိမ်းခြောက်တာ၊ အခွင့်အရေးပိုရတာတွေ ရှိနေတယ်လို့လည်း ဒေသခံပြည်သူတွေနဲ့ ပြိုင်ဘက်နိုင်ငံရေးပါတီတွေ က ပြောထားကြပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဒုတိယအသုတ်ကို မနက်ဖြန် ဇန်နဝါရီ ၁၁ ရက်နေ့ မှာ မြို့နယ်ပေါင်း ၁၀၀ အတွင်း ကျင်းပမှာဖြစ်ကာ ဧရာ၀တီတိုင်းအတွင်းက ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ မြို့နယ်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။

တတိယအသုတ်ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပု တော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက် နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ် တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။