ရွေးကောက်ပွဲ နောက်ဆက်တွဲအခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ အာဆီယံဥက္ကဋ္ဌပြော

“ဘယ်လို အကဲဖြတ်မှုတွေပဲဖြစ်ဖြစ် အဆင့်လိုက်ပဲ လုပ်သွားမှာပါ။ အဓိကကတော့ အကြမ်းဖက်မှုတွေ လျော့သွားဖို့၊ စိတ်ဝမ်းကွဲမှုတွေ ပိုမိုကြီးမားစေမယ့် ဒါမှမဟုတ် အချိန်မတိုင်ခင် တရားဝင်မှုပေးလိုက်သလိုဖြစ်မယ့် လုပ်ရပ်တွေကို ရှောင်ဖို့နဲ့ အားလုံးပါဝင်ပြီး ယုံကြည်ရတဲ့ လမ်းစတခု ပေါ်လာဖို့ကိုပဲ ဦးတည်သွားမှာပါ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

၃၁၊ ဒီဇင်ဘာ။

မြန်မာနိုင်ငံမှာ ပထမအဆင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အာဆီယံအနေနဲ့ အကဲဖြတ် သုံးသပ်သွားမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကိုမဆို အချိန်မတိုင်မီ တရားဝင်မှု ပေးအပ်တာမျိုးဖြစ်စေမယ့် လုပ်ရပ်များကို ရှောင်ရှားသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။

စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်တမ်းဆွဲဆန့်ဖို့ဖြစ်တယ်လို့ ဒီမိုကရေစီစောင့်ကြည့်ရေးအဖွဲ့တွေ သတိပေးထားနေတဲ့ကြားက  စစ်တပ်ထောက်ခံတဲ့ အဓိကပါတီ (ကြံ့ခိုင်ရေးပါတီ)ဟာ ပထမအဆင့် ရွေးကောက်ပွဲမှာ အပြတ်အသတ် နိုင်တယ်လို့ အခိုင်အမာ ပြောနေချိန် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့လို့ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပေမယ့် စစ်ကော်မရှင်ဟာ ပြည်သူ့ဆီ အာဏာပြန်အပ်မယ်လို့ ကတိပေးပြီး တလပတ်လုံးကြာမြင့်မယ့် အဆင့်လိုက်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်အကုန်ထိ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၁ နိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဂရုတစိုက်နဲ့ ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

“ဘယ်လို အကဲဖြတ်မှုတွေပဲဖြစ်ဖြစ် အဆင့်လိုက်ပဲ လုပ်သွားမှာပါ။ အဓိကကတော့ အကြမ်းဖက်မှုတွေ လျော့သွားဖို့၊ စိတ်ဝမ်းကွဲမှုတွေ ပိုမိုကြီးမားစေမယ့် ဒါမှမဟုတ် အချိန်မတိုင်ခင် တရားဝင်မှုပေးလိုက်သလိုဖြစ်မယ့် လုပ်ရပ်တွေကို ရှောင်ဖို့နဲ့ အားလုံးပါဝင်ပြီး ယုံကြည်ရတဲ့ လမ်းစတခု ပေါ်လာဖို့ကိုပဲ ဦးတည်သွားမှာပါ” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ အနောက်နိုင်ငံ သံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲတို့ကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်ထားတာရယ်၊ ကိုယ်စားလှယ်လောင်း စာရင်းထဲမှာ စစ်တပ်အသိုင်းအဝိုင်းက လူတွေချည်း ဖြစ်နေတာကြောင့် ဒါဟာ စစ်တပ်အုပ်ချုပ်ရေးကို သက်တမ်းဆွဲဆန့်နေတာလို့ သူတို့က မြင်ကြပါတယ်။

စစ်တပ်ကို တိုက်ခိုက်နေတဲ့ ဒီမိုကရေစီလိုလားတဲ့ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဒီရွေးကောက်ပွဲ မဖြစ်မြောက်အောင် တားဆီးသွားမယ်လို့ ထုတ်ပြောထားကြပါတယ်။

လက်ရှိမှာ တရားဝင်ရလဒ်တွေ ထွက်မလာသေးပေမဲ့ စစ်တပ်ထောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၁၀၂ နေရာမှာ ၈၂ နေရာအထိ သူတို့နိုင်ထားတယ်လို့ AFP သတင်းဌာနကို ပြောထားပါတယ်။

နောက်ထပ် မဲပေးဖို့ ကျန်နေသေးတဲ့ အဆင့်နှစ်ဆင့်ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်တွေမှာ လုပ်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက USDP ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ NLD ကတော့ အာဏာသိမ်းပြီးနောက်မှာ ဖျက်သိမ်းခံလိုက်ရတာကြောင့် အခုရွေးကောက်ပွဲ မဲပေးရမယ့်စာရင်းမှာ မပါဝင်တော့ပါဘူး။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာသိမ်းတဲ့နေ့ကတည်းက အခုထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ USDP ဆိုတာ အရပ်သားအသွင်နဲ့ စစ်တပ်အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားဖို့အတွက် လုပ်ထားတဲ့ စစ်တပ်ရဲ့ လက်ဝေခံပါတီပဲလို့ သုံးသပ်နေကြပါတယ်။

Ref – AFP