လပွတ္တာသူတစ်ဦး ဆိုင်ကယ်မတော်တဆမှုနဲ့ ထိုင်းနိုင်ငံမှာ သေဆုံး

အသက်(၄၀)အရွယ်ရှိ မသင်းသင်းခိုင်ဟာ ဧရာဝတီ တိုင်း၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာအုပ်စု ၊နေရာပျံချီကျေးရွာ ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေရင်း ဒီဇင်ဘာ ၁၆ ရက်နေ့က အလုပ်ကအပြန်မှာ ဆိုင်ကယ် အတိုက်ခံရတာကြောင့် ဆေးရုံတက်နေရင်းနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။

၃၁၊ ဒီဇင်ဘာလ။

ထိုင်းနိုင်ငံ၊ လယောင်မြို့မှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က မသင်းသင်းခိုင် ကိစ္စမှာ ကျူးလွန်သူ ဆိုင်ကယ်သမား ပျောက်ဆုံးနေတာကြောင့် လယောင်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ၂ ပတ်ကျော် ကြာတဲ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

အသက်(၄၀) အရွယ်ရှိ မသင်းသင်းခိုင်ဟာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာအုပ်စုဇာတိဖြစ်ပြီးထိုင်းနိုင်ငံမှာလာရောက် အလုပ်လုပ်ကိုင်နေရင်း ဒီဇင်ဘာ ၁၆ ရက်နေ့က အလုပ်ကအပြန်မှာ ဆိုင်ကယ် အတိုက်ခံရတာကြောင့် ဆေးရုံတက်နေရင်းနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။

“အခုက ဆိုင်ကယ်သမားက ပြေးသွားတယ် ရှာမရဘူး။ စစဖြစ်ခြင်းတုန်းကတော့ ရဲစခန်းမှာ ရှမ်းစကား(ထိုင်းစကား) တတ်တဲ့သူနဲ့ သွားပြီးသောင်းကျန်းထားတော့ ဆိုင်ကယ်သမားက ဆေးကုသဖို့ ကုန်ကျစရိတ်တွေ တာဝန်ယူမယ်ပြောတယ်။ ဒါပေမယ့် အခုဆုံးသွားတော့ သူ့ကိုရှာလို့မတွေတော့လို့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ် ” လို့ အလုပ်သမား မဟာမိတ် (WAG)အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။

ထိုင်းနိုင်ငံ၊လယောင်မြို့မှာရှိတဲ့ အီလက်ထရောနစ်စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေပေမယ့် လက်ရှိ အလုပ်ရှင်ဆီမှာ အလုပ်သမား မှတ်ပုံတင်ထားခြင်း မရှိသေးတာနဲ့ လုပ်ငန်းခွင်ပြင်ပမှာ ဖြစ်ပေါ်တဲ့ ထိခိုက်မှုဖြစ်တာကြောင့် မသင်းသင်းခိုင်အတွက် ထောက်ပံ့မှု တစုံတရာ မရရှိခဲ့ဘူးလို့ ကိုမုန်တိုင်းက ပြောပါတယ်။

လက်ရှိအချိန်ဟာ နှစ်သစ်ကူး ရုံးပိတ်ရက် ဖြစ်နေတာကြောင့် မသင်းသင်းခိုင်ရဲ့ နာရေးပြုလုပ်နိုင်ဖို့ အတွက် လိုအပ်တဲ့ ထောက်ခံစာတွေရရှိဖို့ ခက်ခဲတာကြောင့် နှစ်ကူးပြီးမှသာ နာရေးပြုလုပ်နိုင်မယ့် အခြေအနေ ဖြစ်နေတယ်လို့ ကိုမုန်တိုင်းက ဆိုပါတယ်။

မသင်းသင်းခိုင်ဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ ဆယ်ကျော်သက် သမီးလေးတယောက် ကျန်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ မောင်နှမ တချို့ရှိတာကြောင့် နာရေးနဲ့ အမှုကိစ္စကို မောင်နှမ ဖြစ်သူတွေက ပြုလုပ်သွားဖို့ ရှိနေပါတယ်။ DNA ကတော့ မိသားစုနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ် မရရှိသေးပါဘူး။
ပုံစာ- မသင်းသင်းခိုင် သေဆုံးမှု အမှန်တရားပေါ်ပေါက်ရေးနှင့် နစ်နာကြေးပြန်လည် ရရှိဖို့အတွက် WAG အဖွဲ့သားများက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့စဉ်

#လပပွတ္တာသူ #ဆိုင်ကယ် #မတော်တဆမှု #ထိုင်းနိုင်ငံ #သေဆုံး #DeltaNewsAgency #DNA