စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ အာဆီယံနဲ့ ဥရောပ လွှတ်တော်အမတ်တွေ တောင်းဆို

“ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ တခုတည်းသာရှိပြီး အဲဒါဟာ ပြည်သူအပေါ် အကြမ်းဖက်၊ အာဆီယံရဲ့ တန်ဖိုးတွေကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုအတွက် တရားဝင်မှုအတုအယောင် ဖန်တီးပေးဖို့သာ ဖြစ်တယ်”လို့ အိတ်ဖွင့်ပေးစာမှာ ဆိုထားပါတယ်။

၃၀၊ ဒီဇင်ဘာ။

မြန်မာစစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ အာဏာသိမ်းမှုကို ဒီမိုကရေစီနည်းလမ်းနဲ့ တရားဝင်မှု ရဖို့ ကြိုးပမ်းနေတဲ့ အတုအယောင်တွေသာ ဖြစ်ကြောင်း အာဆီယံနဲ့ ဥရောပလွှတ်တော် အမတ်တွေက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ ဥရောပလွှတ်တော်အမတ်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံခဲ့ကြပြီးနောက် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ကာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၉ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ လက်ရှိမြန်မာနိုင်ငံမှာ အကြောက်တရားတွေနဲ့ လွှမ်းမိုးနေရတာ၊ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေနဲ့ အဆင်အခြင်မဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာတွေကြောင့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ မည်သည့်စံနှုန်းနဲ့မျှ တရားမျှတမှုရှိမှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေရတာတွေ ဒါမှမဟုတ် အကျဉ်းချခံထားရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာကင်းမဲ့နေတယ်လို့လည်း ထောက်ပြထားပါတယ်။ “ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ တခုတည်းသာရှိပြီး အဲဒါဟာ ပြည်သူအပေါ် အကြမ်းဖက်၊ အာဆီယံရဲ့ တန်ဖိုးတွေကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုအတွက် တရားဝင်မှုအတုအယောင် ဖန်တီးပေးဖို့သာ ဖြစ်တယ်”လို့ အိတ်ဖွင့်ပေးစာမှာ ဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ အဆိုပါ နည်းလမ်းနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ စီးပွားရေးအရင်းအမြစ်နဲ့ စစ်ရေးအထောက်အပံ့တွေကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း ကျားဖြန့် လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှုတွေလို နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကျူးလွန်နေပြီး မြန်မာနိုင်ငံကို ဒေသတွင်း ရာဇ၀တ်မှု ဗဟိုချက်အဖြစ် ပြောင်းလဲလိုက်တာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ဝေဖန်ထားပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကော်မရှင်က ဆက်တိုက်ချိုးဖောက်နေပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး တရုတ်နဲ့ ရုရှားလို ပြင်ပအင်အားကြီးနိုင်ငံတွေက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံရေးနဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးနေတာကြောင့် အာဆီယံရဲ့ အခြေခံမူတွေကို ထိခိုက်စေတယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဥရောပသမဂ္ဂနဲ့ ဒီမိုကရေစီအစိုးရတွေအနေနဲ့ စစ်ကော်မရှင်အပေါ် ဖိအား တိုးမြှင့်ဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ စောင့်ကြည့်စစ်ဆေးဖို့၊ အကြမ်းဖက်မှု ကျူးလွန်သူတွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ တိုးမြှင့်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ထင်ဟပ်စေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကိုသာ ထောက်ခံအားပေးဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းတောင်းဆိုထားပါတယ်။