ကြိုတင်မဲပေးသူ မရှိသလောက်နည်းတဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံး

ထိုင်းရောက် မြန်မာတွေအတွက် လာမယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ဖို့ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေမှာ မဲရုံတွေ ဖွင့်လှစ်ခဲ့ပါတယ်။

ဒါပေမယ့် သံရုံးဝန်ထမ်းတွေလောက်သာ ကြိုတင်မဲပေးခဲ့တာ တွေ့ခဲ့ရပြီး သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် ထိုင်းရောက်မြန်မာနိုင်ငံသားတွေက စိတ်ဝင်စားမှု မရှိသလို သွားရောက် မဲပေးခဲ့ကြတာ မတွေ့ရပါဘူး။

ဒါနဲ့ပတ်သက်လို့ ဘန်ကောက်နဲ့ အနီးတဝိုက်မှာ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ဧရာဝတီတိုင်းသားတွေကို ဆက်သွယ်ပြီး ကြိုတင်မဲပေးတဲ့ အခြေအနေအကြောင်း မေးမြန်းဖြစ်ခဲ့တာတွေထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ကိုစိုးသူ ( ဘန်ကောက်မြို့ ပုံနှိပ်တိုက်တခုမှာ အလုပ်လုပ်ကိုင်နေသူ၊ မအူပင် ဇာတိ)

ကျွန်တော်သတိထားကြည့်နေတာတော့ မဲလာပေးတဲ့သူ မရှိပါဘူး။ ကျွန်တော် မသိလိုက်ခင် အနည်းအကျဉ်းတော့ ရှိရင် ရှိမှာပေါ့လေ။ ၂၀၁၅၊ ၂၀၂၀ နဲ့ ယှဉ်ဖို့မပြောနဲ့ ပုံမှန် စာအုပ်သက်တမ်းတိုးတာမျိုးနဲ့တောင် ယှဉ်လို့မရပါဘူး။ လူတွေကရှင်းနေတာပါပဲ။ ကျွန်တော်လည်း မဲမထည့်ပါဘူး။ အဓိကကတော့ ဒီလူတွေ(စစ်ကောင်စီ)လုပ်တဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ပါ။ ကျွန်တော် လက်လှမ်းမီသလောက် သူငယ်ချင်းတွေလည်း ဒီအပေါ်မှာ အယုံအကြည်မရှိပါဘူး။ ဘာလို့မယုံလဲဆို ခုမျက်မြင်ဖြစ်နေတာတွေကို ကြည့်ဦးလေ။ ဘယ်နေရာကို ယုံရမှာလဲ။

ကိုစိုင်းမြတ်ကျော် ( မဟာချိုင်မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ၊ မြောင်းမြ ဇာတိ)

ကျွန်တော်က တော်လှန်ရေးနောက်ပိုင်းမှ ရောက်လာတာ တော်လှန်ရေး လုပ်ရပ်တွေကြောင့် ရောက်လာတာမို့ ဒီရွေးကောက်ပွဲကို မဲမပေးဘူးဆိုတာက မထူးဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော် ထူးဆန်းပြီး ဝမ်းသာ ဝမ်းနည်းဖြစ်ရတာက ဒီက မြန်မာလုပ်သားထုကြီးကိုပါ။ မြန်မာရွေ့ပြောင်း အလုပ်သမားတွေဟာ အများစုက အခြေခံအလုပ်သမားတွေဖြစ်ကြတော့ မဲပေးဟေ့ဆိုရင် ဘာမှမတွေးပဲ ပေးကြမှာလားလို့ စိုးရိမ်မိခဲ့တာကို ပြန်ရှက်ရပါတယ်။ ကျွန်တော်တို့ မဟာချိုင်မှာကို မြန်မာတွေ သိန်းနဲ့ချီရှိတာပါ။ ဒါပေမယ့် မဲသွားမပေးကြဘူး။ မဲသွားမပေးကြဖို့ကိုလည်း အချင်းချင်း တိုက်တွန်းကြတယ် ပြောကြတယ်။ သူတို့ရဲ့ မတရားမှုကို ငုံ့မခံလိုတဲ့ ရတဲ့နည်းနဲ့တွန်းလှန်ချင်စိတ်တွေကို လေးစားရပါတယ်။

မခင်မမ ( မဟာချိုင်မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ၊ ကျုံပျော် ဇာတိ)

မဲကတော့ မထည့်ဖြစ်ပါဘူး။ နိုင်ငံရေး သမားမဟုတ်ပေမယ့် ဒီရွေးကောက်ပွဲဟာ စစ်တပ်အတွက်ပဲ ကောင်းကျိုးများမယ့် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ သိနေတာမို့ မဲမပေးတာပါ။ အစကတော့ သူတို့တွေ (စစ်ကောင်စီ) တခုခု ယုတ်မာပြီး မဲမပေး မနေရအောင်လုပ်တော့မှာလားလို့ စိုးရိမ်ခဲ့သေးတယ်။ အဲ့လိုလုပ်ရင်လည်း ကျွန်မကတော့ ရှောင်လို့ရတဲ့နည်းနဲ့ရှောင်ဖို့ စဉ်းစားထားပါတယ်။ ရွေးကောက်ပွဲဆိုတာ ရွေးချယ်စရာရှိဖို့ ကိုယ်မဲပေးချင်တဲ့ ပါတီရှိနေဖို့ လိုတယ်လို့ထင်ပါတယ်။ အဲ့ဒါတွေ တခုမှမရှိတဲ့ ရွေးကောက်ပွဲ ပြည်သူတွေကို သတ်နေ ဒုက္ခပေးနေတဲ့လူတွေရဲ့ ကောင်းကျိုးအတွက်တော့ မဲမပေးနိုင်ပါဘူး။

ကိုလတ်ကြီး ( ဘန်ကောက်မြို့ ကုန်တိုက်ကြီးတခုမှ ဝန်ထမ်း၊ ကျုံပျော် ဇာတိ)

ကျွန်တော်တို့ မဲသွားမထည့်လည်း အချိန်တန်ရင် ထိုင်းရောက်မြန်မာတွေရဲ့ ကြိုတင်မဲ ဘယ်လောက်ဆိုတာမျိုး ထွက်လာမှာပဲ။ မဲက သွားပေးပေး မပေးပေး ရလာဒ်က ဒါပဲ သူတို့ပဲဖြစ်မှာပဲ။ အစကတော့ အခြေအနေကြည့်ရအောင် သွားဖို့ စဉ်းစားလိုက်သေးတယ် ဒါပေမယ့် တကယ်သွားရမယ့် နေ့ကျတော့ သွားရမှာကို ရွံနေတာ။ မဲဆွယ်နေတဲ့ တချို့တွေကိုလည်း အံ့ဩတယ် စစ်တပ်ကို မကြိုက်ရင် ကြံ့ဖွတ်ပေါ့လေ ကြံ့ဖွတ်ကို မကြိုက်ရင် ကြံ့ဖွတ်က မရသွားအောင် မဲပေးသင့်တယ်ပေါ့။ ကျွန်တော်တို့ ၂၀၁၀ ဆိုတာ တကယ်တော့ အရမ်းကြီးလည်း မဝေးသေးဘူးဆိုတာ သူတို့မေ့သွားပုံရတယ်။ ဒီလိုလူတွေ တယောက်ကိုမှ မယုံနိုင်လို့ မဲမပေးတော့တာ။

မနီနီမြင့် ( ဘန်ကောက်မြို့ ကုန်တိုက်ကြီးတခုမှ ဝန်ထမ်း၊ ဇလွန် ဇာတိ)

မနေ့က ( ဒီဇင်ဘာ ၇ ရက်) အလုပ်ပိတ်ကြတော့ မဲလာထည့်သူတွေရှိလားဆိုပြီး သွားကြည့်သေးတယ်။ လူစုစု စုစုတွေတော့ တွေ့ပေမယ့် ကြည့်ရတာ မဲလာထည့်ကြတာလည်း မဟုတ်ဘူးထင်တာပဲ။ အခြေအနေကတော့ ၂၀၂၀ နဲ့က အများကြီးကွာပါတယ်။ ၂၀၂၀ တုန်းက ကျွန်မက ပထမဆုံးမဲထည့်ရတာ လူအုပ်ကြီးဟာ နည်းနည်းနောနောလား ခုက လူကိုမရှိဘူးလို့ ပြောလို့ရပါတယ်။ မဲမပေးပါဘူး တနိုင်ငံလုံးကို ဗုံးကြဲနေတာ အခု ကျွန်မတို့ ဧရာဝတီတိုင်းမှာလည်း လုပ်နေပြီ။ ဘယ်တော့ ကိုယ့်မြို့လေးကို ရောက်လာမှာလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေရအောင် လုပ်ထားတဲ့ သူတွေကိုတော့ မဲမပေးချင်ပါဘူး။ နိုင်ငံရေးနဲ့ ဆိုင်တာတွေကိုတော့ အများကြီး မသိပါဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ် စစ်တပ်အတွက် ထွက်ပေါက်ပေးဖို့ လုပ်နေတာသာ ဖြစ်တယ်ဆိုတာကိုတော့ သိပါတယ်။ ကျွန်မတို့ မဲမပေးလည်း သူတို့ဘာသာ သူတို့ရအောင်လုပ်သွားမှာပဲ ဒါပေမယ့် ကျွန်မ မဲမပေးလိုက်ဘူးဆိုတာက ကျွန်မကိုယ် ကျွန်မ လိပ်ပြာလုံစေတာမို့ပါ။

မဘေဘီကျော် ( မဟာချိုင်မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ၊ မအူပင် ဇာတိ)

မဲမပေးပါဘူး။ ပြည်သူက အာဏာအပ်နှင်းထားတဲ့ အစိုးရကို ဖမ်းဆီးထောင်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကို ဘာအကြောင်းနဲ့မှ မဲပေးစရာမရှိပါဘူး။ အစက မဲမပေး ပေးအောင် လုပ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေကတည်းကလည်း အေး CI သက်တမ်းမတိုးပေးရင် ဗီဇာ သက်တမ်းတိုးမပေးရင် မကိုင်ဘူး မဲတော့ မပေးဘူးဆိုတာ ဆုံးဖြတ်ထားပြီးသားပါ။ ဒါက ကျွန်မတို့ စက်ရုံမှာအတူတူ အလုပ်လုပ်နေကြတဲ့သူတွေ အများစု ဒီစိတ်ရှိကြပါတယ်။ ကျွန်မကမှ မအူပင်ကမို့ ထားဦး စက်ရုံမှာက စစ်ကိုင်းတို့ ရခိုင်တို့ မကွေးတို့ကလူတွေ အများကြီး စစ်ခွေးတွေကြောင့် မိသားစုတွေ ဘဝပျက်၊ အိုးပျက် အိမ်ပျက် တစစီဖြစ်သွားခဲ့ရသူတွေ အများကြီး ဒီလူတွေက ဘယ်လိုစိတ်နဲ့ မဲသွားပေးနိုင်မှာလဲ။ ကျွန်မတို့ မဟာချိုင်မှာတော့ BC ဆိုလည်း BC ၊ ခုရွေးကောက်ပွဲမှာ မဲမထည့်ဖို့လည်း မထည့်ဖို့ ညီကြတယ်။ ဘာလို့လည်းဆိုတော့ ဒီကမြန်မာအများစုက စစ်တပ်ရဲ့ ယုတ်မာမှု ဒဏ်တွေကို ကောင်းကောင်းကြီး ခံထားရသူတွေ သိကြသူတွေ များလို့ပါ။

မလွင်လွင်ချို ( မဟာချိုင်မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ၊ ဟင်္သာတ ဇာတိ)

မဲပေးဖို့ကို အာရုံထဲကို မရှိပါဘူး။ သူငယ်ချင်းတယောက်ကတော့ ငါတို့ သံရုံးထဲသွားကြည့်ကြမလား ပြောသေးတယ်။ မသွားချင်ပါဘူး။ သွားရင် မဲပေးနေရဦးမယ်။ အဓိကကတော့ မယုံလို့ပေါ့။ သူတို့ဘာသာ ဇာတ်ညွှန်းရေးထားပြီးသားကို မဲ ပေးပေး မပေးပေး ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးလေ။ ရွေးကောက်ပွဲကိုလည်း မယုံဘူး၊ စစ်တပ်ကိုလည်း မယုံဘူး၊ ဝင်ပြိုင်တဲ့ ပါတီတွေကိုလည်း မယုံဘူး။ ပါတီတွေကိုကတော့ ကျွန်မတို့လောက်တောင်မှ ‌ေ-ာက်သုံးမကျဘူးလို့ပဲ မြင်တယ်။ ကျွန်မတို့က အခြေခံအလုပ်သမားဆိုပေမယ့် ဘယ်သူကတော့ တိုင်းပြည်ကို ကောင်းအောင်လုပ်ပေးမှာလည်း ဘယ်လုပ်ရပ်ကတော့ တိုင်းပြည်အတွက် ဆိုးစေမှာလဲဆိုတာကို သိတယ်။ သူတို့က မသိဘူး။ အဲ့လိုလူတွေကို မဲပေးစရာလား။

ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကတော့ ကြိုတင်မဲပေးသူ ဘယ်လောက်ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ယနေ့ ဒီဇင်ဘာ ၈ ရက်ညအထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။