မြောင်းမြမှာ ပါတီ နှစ်ခုသာ အပြိုင်အဆိုင် မဲဆွယ်နေ

“ ခုဒီမှာက ပါတီနှစ်ခုတည်း ပြိုင်သလိုဖြစ်နေတယ်။ ကျန်တာတွေက အိမ်ဖြည့်တွေလိုမျိုးပဲ”

၄၊ ဒီဇင်ဘာလ။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ပါတီ ၇ ခုက ရုံးခန်းဖွင့်ပြီး အောင်နိုင်ရေး ဆိုင်ပုဒ်တချို့စိုက် ထူထားပေမယ့် အမှန်တကယ် အင်နဲ့အားနဲ့ မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ပါတီ နှစ်ခုပဲရှိနေပါတယ်။

“ မဲဆွယ်တာကို အင်အားကောင်းကောင်းနဲ့ လုပ်နေတာကတော့ ကြံ့ခိုင်ရေးနဲ့ ပီပီပီ ပဲ။ ကျန်ပါတီတွေက ဆိုင်းပုတ်ထောင်တာလောက် လုပ်ပြီးပျောက်သွားကြတယ်။ အင်အားလည်း ရှိပုံမရဘူး ” လို့ မြောင်းမြမြို့ပေါ်မှာ နေထိုင်တဲ့ လူမှုကူညီရေး အသင်း တည်ထောင်ထားသူ တဦးက ဆိုပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် မဲဆန္ဒနယ်ထဲကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ တောင်သူလယ်သမားဖွံဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့က မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်တွေမှာ ရုံးခန်းတွေဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

မြောင်းမြမြို့ကို ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်တို့ လာရောက်ပြီး မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်ခဲ့ပေမယ့် ကျန်ပါတီတွေကတော့ လှုပ်ရှားမှု များများစားစား မရှိတာကို တွေ့နေရပါတယ်။

၁၉၉၀ ပြည့်နှစ်ကတည်းက စစ်တပ်ကနေ အသွင်ပြောင်းလာခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တ.စ.ည)က တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ဟာ ကြံ့ခိုင်ရေးပြီးရင် ဒုတိယ အများဆုံးဆိုပေမယ့် ဧရာဝတီတိုင်းထဲမှာတော့ သိသာတဲ့ မဲဆွယ်မှုပြုလုပ်နေတာမျိုး မရှိသေးပါဘူး။

ဒီပါတီတွေထဲမှာ တောင်သူလယ်သမားဖွံဖြိုးရေးပါတီနဲ့ ပြည်သူ့ပါတီရဲ့ လှုပ်ရှားမှုက အနည်းဆုံးဖြစ်သလို လူစိတ်ဝင်စားမှုလည်း အနည်းဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ခုဒီမှာက ပါတီနှစ်ခုတည်း ပြိုင်သလိုဖြစ်နေတယ်။ ကျန်တာတွေက အိမ်ဖြည့်တွေလိုမျိုးပဲ။ မဖြစ်မနေ မဲထည့်ရမယ်ဆိုရင် စစ်တပ်မဟုတ်ရင် ပြီးရောဆိုတဲ့ ရွေးချယ်မှုတွေ ဖြစ်လာနိုင်ပါတယ် ” အီလက်ထရောနစ် မဲပေးစနစ်အကြောင်း သင်တန်းတက်ခဲ့ရတဲ့ ကျောင်းဆရာမ တဦးက မှတ်ချက်ပြုပါတယ်။

ဧရာဝတီတိုင်းအတွင်း မဲဆွယ်စည်းရုံးရေး လုပ်နေကြတဲ့ ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီက ငွေပေးပြီး လူစုတာမျိုးတွေ ရှိနေပြီး PPP ပါတီကတော့ အဝတ်အထည်တွေ၊ အခြေခံစားသောက်ကုန်တွေ ဝေငှပြီး မဲဆွယ်နေတာကို တွေ့မြင်နေရပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကတော့ ပုသိမ်မြို့က ပါတီဝင်တွေ့ဆုံပွဲမှာ ဒီရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရဟာ စစ်တပ်နဲ့နီးစပ်တဲ့ ဆက်ဆံရေး မရှိရင် ပြုတ်ကျသွားလိမ့်မယ်လို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။