ယူကရိန်းအရေးနဲ့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးဖို့ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံ


မက်ခရွန်ဟာ ၂၀၁၇ ခုနှစ် တာဝန် စတင်ထမ်းဆောင်ချိန်ကစလို့ တရုတ်နိုင်ငံကို လေးကြိမ်မြောက် လာရောက်ခဲ့တဲ့ ပြင်သစ်သမ္မတဖြစ်ပါတယ်။

၄၊ ဒီဇင်ဘာ။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီကနေ့ (ဒီဇင်ဘာ ၄ ရက်) ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှုအတွင်း ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို တရုတ်သမ္မတအနေနဲ့ အားပေးကူညီရေးအပြင် ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးသွားကြမှာပါ။

မက်ခရွန်နဲ့ သူရဲ့ ဇနီး ဘရစ်ဂျစ်တို့ကို သမ္မတရှီနဲ့ ဇနီး ဖန်လိယွမ်တို့က ပြည်သူ့ခန်းမဆောင်ကြီးမှာ ကြိုဆိုခဲ့ကြပါတယ်။ ရာသီဥတုအေးတာကြောင့် ကြိုဆိုပွဲအခမ်းအနားကို အဆောက်အအုံအတွင်းမှာသာ ပြောင်းရွှေ့ကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။

မက်ခရွန်ဟာ ၂၀၁၇ ခုနှစ်၊ တာဝန်စတင်ထမ်းဆောင်ချိန်ကစလို့ တရုတ်နိုင်ငံကို လေးကြိမ်မြောက် လာရောက်ခဲ့တဲ့ ပြင်သစ်သမ္မတဖြစ်ပါတယ်။ ပြင်သစ်သမ္မတဟာ တရုတ် ဝန်ကြီးချုပ် လီချန်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ချန်ဒူးမြို့ကို ခရီးဆက်ပါမယ်။

သမ္မတ မက်ခရွန်ဟာ ရုရှားနဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ အပစ်အခတ် ရပ်စဲရေး ရရှိရေးအတွက် သမ္မတရှီကို ဖိအားပေးဖို့ ကြိုး ပမ်းနေပါတယ်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံ၊ အထူးသဖြင့် သမ္မတဗလာဒီမာပူတင် အပစ်အခတ်ရပ်စဲရေးကို နောက်ဆုံးမှာ သဘောတူလက်ခံလာစေဖို့ရုရှားအပေါ် ဖိအားပေးဆောင်ရွက် သွားလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း” ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်း-နိုဝယ် ဘာရော့က အခုသီတင်းပတ်အတွင်း ပြောပါတယ်။

တရုတ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့နဲ့ နိုင်ငံအားလုံးရဲ့ နယ်မြေပိုင်ဆိုင်မှု ဂုဏ်သိက္ခာကို လေးစားလိုက်နာဖို့ တိုက်တွန်းလေ့ရှိပေမဲ့ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုတော့ ရှုတ်ချခဲ့တာ မရှိပါဘူး။

အနောက်နိုင်ငံ အစိုးရတွေကတော့ ဘေဂျင်းဟာ ရုရှားရဲ့ စစ်ရေးကြိုးပမ်းမှုတွေအတွက် အရေးပါတဲ့ စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးအပ်နေတယ် လို့ စွပ်စွဲထားပါတယ်။ အထူးသဖြင့် ရုရှားရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။

“ရုရှားအနေနဲ့ စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်မယ့် ဘယ်လိုနည်းလမ်း ၊ အထောက်အပံ့မျိုးကို မဆို ပေးအပ်တာ ရှောင်ကြဉ်ရမယ်”လို့ မက်ခရွန်က သမ္မတရှီကို တိုက်တွန်းသွားမှာဖြစ်တယ်လို့ ပြင်သစ်
သမ္မတရုံးက ဆိုပါတယ်။ မက်ခရွန်ရဲ့ သုံးရက်ကြာ ဘေကျင်းခရီးစဉ်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီး ပါရီမြို့ကို လာရောက်ပြီးနောက် ပေါ်ပေါက်လာခဲ့တာပါ။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကစစ်ပွဲအဆုံးသ တ်ရေး စီမံချက်ကို တွန်းအားပေးနေချိန် ဥရောပဟာ ယူကရိန်းဘက်က ရပ်တည်ပေးဖို့ ဇလန်းစကီးက ပါရီခရီးစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

Ref – AFP