ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံသားအများစုက ထရမ့်ဟာ သူတို့နိုင်ငံအတွက် မကောင်းဘူးလို့ ယူဆ

ကွာဒ် (Quad) သံတမန် မဟာမိတ်အုပ်စုဝင် နိုင်ငံတွေဖြစ်ကြတဲ့ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယနဲ့ အမေရိကန်က လူဦးရေ ၁,၀၀၀ စီကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

၄၊ ဒီဇင်ဘာ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းဟာ အဆိုးဘက်ကို ဦးတည်စေခဲ့တယ်လို့ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံသားအများစုက လက်ခံယုံကြည်နေကြပါတယ်။

စစ်တမ်းတရပ်အရ ဩစတြေးလျနိုင်ငံသား အများအပြားကတော့ အမေရိကန်ဟာ အာရှဒေသမှာ အကျိုးပြုတာထက် အန္တရာယ်ပို များနေတယ်လို့ ရှုမြင်နေကြပါတယ်။

အဆိုပါ နိုင်ငံလေးနိုင်ငံက ပြည်သူတွေကို ကောက်ယူထားတဲ့ စစ်တမ်းတရပ်မှာ နိုင်ငံသားတွေက အခုလို ဖြေကြားထားတာဖြစ်ပါတယ်။

စစ်တမ်းကို ဆစ်ဒနီတက္ကသိုလ်ရှိ အမေရိကန်ပြည်ထောင်စု လေ့လာရေးစင်တာ (United States Studies Centre) က ကောက်ယူခဲ့တာဖြစ်ပါတယ်။

ကွာဒ် (Quad) သံတမန် မဟာမိတ်အုပ်စုဝင် နိုင်ငံတွေဖြစ်ကြတဲ့ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယနဲ့ အမေရိကန်က လူဦးရေ ၁,၀၀၀ စီကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်တွင်းရေး မငြိမ်မသက်မှုတွေ ရှိနေတာကြောင့် မဟာမိတ်တွေအနေနဲ့ စိုးရိမ်နေကြပေမဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုတော့ လက်ခံထားကြဆဲဖြစ်ပါတယ်။

ဩဂုတ်လအတွင်းက ကောက်ယူခဲ့တဲ့ အဆိုပါစစ်တမ်းအရ ထရမ့်ရဲ့ သမ္မတသက်တမ်းဟာ အဆိုပါ နိုင်ငံတွေအတွက် ဆိုးကျိုးဖြစ်စေတယ်လို့ ညွှန်ပြနေတာဖြစ်ပါတယ်။

စစ်တမ်းအတွင်း ဩစတြေးလျနိုင်ငံသား ၅၆ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံသား ၅၄ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံသား ၅၉ ရာခိုင်နှုန်းတို့က ထရမ့်သက်တမ်းအပေါ် ဆိုးရွားတဲ့အမြင် ရှိနေတာပါ။

ဩစတြေးလျနိုင်ငံသား ၄၂ ရာခိုင်နှုန်းဟာ အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားတာဟာ မိမိတို့နိုင်ငံကို ပိုမိုလုံခြုံမှုရှိစေတယ်ဆိုတဲ့ အဖြေကိုသာ ဖြေကြားထားပါတယ်။

အဆိုပါ ပမာဏဟာ ၂၀၂၄ ခုနှစ်ကထက် ၁၄ မှတ် ကျဆင်းသွားတာဖြစ်ပြီး စင်တာက စစ်တမ်းစတင်ကောက်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း ထောက်ခံမှုနှုန်း ထက်ဝက်အောက်ကို ပထမဆုံးအကြိမ် ကျဆင်းသွားတာလည်းဖြစ်ပါတယ်။

အလားတူ အမေရိကန်နဲ့ မဟာမိတ်ဖွဲ့မှုက လုံခြုံရေးကို ပိုမိုအားကောင်းစေတယ်လို့ ဖြေကြားခဲ့တဲ့ ဂျပန်နိုင်ငံသားအရေအတွက်ဟာလည်း လွန်ခဲ့တဲ့ တနှစ်ကထက် ငါးရာခိုင်နှုန်း ကျဆင်းသွားပြီး ၄၇ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

“နိုင်ငံလေးနိုင်ငံစလုံးက အမေရိကန်ရဲ့ ပြည်တွင်း နိုင်ငံရေး အကြမ်းဖက်မှုတွေ ၊ သတင်းအမှားပျံ့နှံ့မှုတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေကြပါတယ်။”လို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ဆန္ဒတွေကတော့ ဆက်လက် တည်ရှိနေဆဲပါ။

တရုတ်နိုင်ငံအပေါ် အပျက်သဘောမြင်ကြတဲ့ အမြင်တွေကတော့ အရင်စစ်တမ်းတွေနည်းတူ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာရှဒေသတွင်း အကျိုးပြုတာထက် အန္တရာယ်ပြုနိုင်တယ် ဆိုတဲ့ ရှုမြင်မှုတွေအဖြစ် ဩစတြေးလျနိုင်ငံသား ၄၈ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံသား ၄၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံသား ၅၈ ရာခိုင်နှုန်းနဲ့ အိန္ဒိယနိုင်ငံသား ၄၆ ရာခိုင်နှုန်း အသီးသီး ရှိနေပါတယ်။

Ref – Reuters