စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သူတွေကို ဖမ်းချုပ်၊ ခြိမ်းခြောက်တာတွေ ဆက်တိုက်ရှိလာနေ

“စပါးစျေးက ကျတယ်နော်၊ ပြီးရင် ရွှေခရုဖျက်တာလည်း ရှိသေးတယ်။ မဆပ်နိုင်တော့ဘူးလေ၊ လယ်တွေ၊ နွား တွေလည်း ရောင်းရတာ မနည်းတော့ဘူး။ ကြာရင် ရှိသမျှ လယ်ပါ ကုန်တော့မယ့် အခြေအနေ၊ အကြွေးက နစ်သထက် နစ်လာတယ်”

၂၂၊ နိုဝင်ဘာ ။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းတွင်းက စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်နေတဲ့ လယ်သမားတွေကို အကြွေးပြန်ဆပ်ဖို့ ဖိအားပေးနေပေမယ့် လယ်သမားတွေအနေနဲ့ အဖက်ဖက်က အကျပ်အတည်းကြောင့် ကြွေးပြန်ဆပ်နိုင်ဖို့ အခက်တွေ့နေကြပါတယ်။

“အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲစခန်းကနေတဆင့် တောင်းခိုင်းတာ၊ စာထုတ်ပြီးလည်း တောင်းတယ်၊ နည်းမျိုးစုံနဲ့ တောင်းနေတာ။ ပြန်မဆပ်သူကို ဖမ်းမယ်၊ ပုံစံ(၇)သိမ်းမယ်၊ လယ်သိမ်းမယ်၊ ရောင်းစားပစ်မယ်ဆိုပြီး ခြိမ်းခြောက် ပါတယ်၊ လယ်သမားတွေမှာ ဆပ်နိုင်ဖို့က မလွယ်ပါဘူး”လို့ ရေကြည်မြို့နယ်မှ စိုက်ပျိုးစရိတ်ချေးငွေ ယူထားတဲ့ လယ်သမား ဦးမောင်ကျော်က ပြောပါတယ်။

သွင်းအားစုတွေ ဈေးကြီးတာ၊ရာသီဥတု မမှန်တာ ၊ စပါးဈေးကောင်း မရတာတွေကြောင့် လယ်စိုက်သူတွေ အရှုံးနေချိန် အခုလို စိုက်ပျိုးရေး ချေးငွေတွေ ပြန်ဆပ်ဖို့ တိုင်းအစိုးရက ဖိအားပေးနေတာ ဖြစ်ပါတယ်။

လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့၊အုပ်ချုပ်ရေးမှူးတွေက တဆင့် လယ်သမားတွေကို ဖိအားပေးနေတာ ဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ကျုံပျော်မြို့နယ်အတွင်း ချေးငွေပြန်မဆပ်နိုင်သေးတဲ့ ဘောစွယ်ကျေးရွာအုပ်စုရဲ့  ကျေးရွာ ၈ ရွာက အုပ်ချုပ်ရေးမှူးတွေကို ရဲစခန်းမှာ ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

“အုပ်ကြီးတွေကနေဆင့် တောင်းခိုင်းထားတာ၊ မဆပ်ကြလို့ အုပ်ကြီးတွေကို ဖမ်းတယ်။တယောက်ကို သိန်းငါး ဆယ်တောင်းတယ်တဲ့၊ ပိုက်ဆံပေးပြီးမှပဲ ပြန်လွှတ်လိုက်တယ်။ ဓါးစာခံသဘော ဖမ်းတာ၊ မြို့ပေါ်ကိုအစည်းအဝေး ခေါ်ပြီးမှ မလှိမ့်တပတ်နဲ့ ချုပ်ထားတာနော်။ အခု လယ်သမားတွေမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး၊ အဖမ်းခံ ရမှာပဲ ကြောက်နေရတယ်။ လယ်တွေ ရောင်းဖို့လုပ်သူတွေ လုပ်နေကြပြီ” လို့ အဲဒီအခြေအနေကို သိထားတဲ့ ကျုံပျော်မြို့နယ်မှ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ဧရာဝတီတိုင်းအတွင်း မြို့နယ်အားလုံးမှာ အခုလိုမျိုး စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့က ကန်ကြီးထောင့် မြို့နယ် လယ်ယာစိုက်ပျိုးရေးဘဏ် မန်နေဂျာ ဦးအောင်နိုင်က ချေးငွေမဆပ်သူတွေကို ရဲစခန်းကို ဆင့်ခေါ်ပေးဖို့ မြို့မနယ်မြေ ရဲစခန်း စခန်းမှူးဆီကို စာထုတ်အကြောင်းကြားတာကို တွေ့ရပါတယ်။

“ကျုံပျော်မှာလည်း အဲဒီလိုလုပ်ခဲ့တာ၊ အခု ကန်ကြီးထောင့်မှာလုပ်နေပြီ။ တခြားမြို့နယ်မှာတွေလည်း အဲလိုမျိုး ရဲနဲ့ ခြိမ်းခြောက်တောင်းဖို့ စီစဉ်နေတယ်ကြားတယ်။ ချေးငွေဆပ်၊ မဆပ်ရင် ချုပ်ထားမယ် အဲလိုသဘောမျိုးလုပ်နေ တာ၊ ပုံစံ(၇) သူတို့ကို ပေးထားရထာဆိုတော့ လယ်တွေကို ရောင်းစားတာထိတောင် လုပ်ချင်လုပ်လာနိုင်တယ်” လို့  ဟင်္သာတခရိုင်မှ လယ်သမားအရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။

ဟင်္သာတမြို့နယ်အတွင်းမှာတော့ လယ်သမားတွေကို ရဲစခန်းသို့ ခေါ်ယူတာမရှိသေးပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကတဆင့် ချေးငွေလာဆပ်ကြဖို့ ခြိမ်းခြောက်တောင်းခံနေတယ်လို့ ဆိုပါတယ်။

“ခု ချေးငွေတွေ ဆပ်နေကြရပါပြီ၊ ဒီဘက်မှာလည်း အဲဒီလိုခြိမ်းခြောက်တာတွေ ရှိပါတယ်။ မဆပ်တဲ့သူ အရေးယူမယ် ခြိမ်းခြောက်တာပါ၊ စိုက်ဘဏ်ကနေ ပြောတာပါ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ လယ်သမားတွေကို လယ်ယာမြေပိုင်ဆိုင်ခြင်း အထောက်အထား ပုံစံ(၇)အား အ အပေါင်သဘောနဲ့ ယူထားပြီး လယ်တဧအတွက် ကျပ်တသိန်းခွဲနှုန်းနဲ့ လယ်သမားတဦးကို နာမည်တခုအတွက် ဆယ်ဧကစာစီ နှစ်စဉ်ပုံမှန် ထုတ်ချေးပေးလာခဲ့တာ ဖြစ်ပါတယ်။

လယ်သမားတွေဟာ အစိုးရအဆက်ဆက် နှစ်စဉ်ပုံမှန် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေတွေ ချေးယူနေခဲ့ကြတာဖြစ်ပြီး ပုံမှန်ကာလတွေတုန်းက ချေးငွေဆပ်နိုင်ခဲ့ကြပေမယ့် ရာသီဥတုဖောက်ပြန်မှု၊ ပိုးမွှား ဖျက်ဆီးမှု၊ ကိုဗစ်ကာလ စီးပွားရေးကြပ်တည်းမှု၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသွင်းအားစုတွေ စျေး တက်တာ၊ စပါးစျေးကွက် မတည်ငြိမ်တာတွေကြောင့် ချေးငွေဆပ်ဖို့ အခက်အခဲ ရှိနေတာလို့ သိရပါတယ်။

ဒါပေမယ့် အရပ်သားအစိုးရလက်ထက်မှာတော့ စိုက်ပျိုးစရိတ်ချေးငွေကို အပြည့်အ၀ မဆပ်နိုင်ပေမယ့် အတိုးငွေ ပုံမှန်ပေးထားရင် အဆင်ပြေနိုင်ခဲ့ကြပေမယ့် အာဏာသိမ်း စစ်တပ်လက်ထက်မှာတော့ မဖြစ်မနေ ဆပ်ကြဖို့ ခြိမ်း ခြောက်တောင်းခံနေတာ ဖြစ်ပါတယ်။

“စပါးစျေးက ကျတယ်နော်၊ ပြီးရင် ရွှေခရုဖျက်တာလည်း ရှိသေးတယ်။ မဆပ်နိုင်တော့ဘူးလေ၊ လယ်တွေ၊ နွား တွေလည်း ရောင်းရတာ မနည်းတော့ဘူး။ ကြာရင် ရှိသမျှ လယ်ပါ ကုန်တော့မယ့် အခြေအနေ၊ အကြွေးက နစ်သထက် နစ်လာတယ်” လို့ ရေကြည်မြို့နယ်မှ လယ်သမား ဦးမောင်ကျော်က ပြောပါတယ်။

ယခင်နှစ်တွေတုန်းက စပါးတင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါးစျေးတည်ငြိမ် မှုမရှိဘဲ ကျပ် ၁၅ သိန်းဝန်းကျင်သာရှိတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခတွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံတွေ လယ်သမားတွေက ပြောကြပါတယ်။

ဒ့ါကြောင့်  လယ်သမားတွေအတွက် လယ်ယာထွက်ကုန် စပါးစျေးကောင်းရဖို့၊ သွင်းအားစုတွေ စျေးကျဖို့အတွက် စီစဉ်ဆောင်ပေးဖို့ လိုအပ်ပြီး အဲဒီလိုဆောင်ရွက်ပေးခြင်းမရှိဘဲ ချေးငွေတွေကိုပဲ ခြိမ်းခြောက် တောင်းခံနေတာဟာ တရားလွန်တယ်လို့ လယ်သမားတွေက ဝေဖန်ကြပါတယ်။

“လယ်သမားတွေ အခက်အခဲအများကြီးဖြစ်တယ်၊ စပါးထွက်နှုန်းမကောင်း ရှုံးတယ်၊ အရင်းကလည်း ကြီးသွာတာကိုး။ စျေးကောင်းလည်း မရပါဘူး၊ စျေးကောင်းရအောင် လုပ်ပေးဖို့လည်း လိုပါတယ်” လို့ ဟင်္သာမြို့နယ်မှ လယ်သမားက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။