
“တိုက်ပွဲဖြစ်နေတာက ရှောင်နေလို့ ရသေးတယ်။ အခုက ရွာတွေကို တမင် လေယောဉ်နဲ့ ပစ်နေတော့ မနေရဲလို့ ပြေး ကြရတာပါ။ အဝတ်တထည် ကိုယ်တခုနဲ့ ဘာမှမရခဲ့ဘဲ ပြေးရတဲ့သူတွေက ပိုများတယ်”
၂၀ ၊ နိုဝင်ဘာ။
အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ် အတွင်းမှာ နေ ရပ်စွန့်ခွာ တိမ်းရှောင်ကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း သုံးထောင်ဝန်းကျင်ထိ ထပ်တိုးလာနေပါတယ်။ စားနပ်ရိက္ခာ ၊ စောင်၊ ခြင်ထောင်၊ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေကြောင့် ရှောင်ရတာရှိတယ်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကြောက်လို့ရှောင်ရတာလည်း ရှိတယ်။ အရင်ကတည်းက စစ်ရှောင်တွေပါ အခုထပ်ပြီး ရှောင်ကြရတာပါ။ ရိက္ခာက ရက်ပိုင်းစာလောက်ပဲ ရှိတယ်။ ဒါကုန်ရင် ထပ်ပေးစရာမရှိတော့ဘူး။ တကယ့်အရေးပေါ် လိုအပ်နေတာဖြစ်ပါတယ်” လို့ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းက ဓည၀တီ ရေတပ်ဌာနချုပ် အနီးဝန်းကျင်၊ မင်းပြင်ကျေးရွာ အနီးဝန်းကျင်နဲ့ အမှတ် (၃၂) ရဲတပ်ရင်းအနီးဝန်းကျင်တို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန် ဖြစ်ပွားနေတာ ဖြစ်ပြီး အဲဒီအနီးဝန်းကျင်ရှိ မင်းပြင်၊ သိုင်းချောင်း၊ မှင်ခုံးတိုင်၊ ချောင်းဖျား၊ ချောင်း၀၊ တောင်ပြိန်၊ ဇိုင်ချောင်း၊ ပြားချွိန် စတဲ့ ကျေးရွာပေါင်း နှစ်ဆယ်ခန့်က ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတာပါ။

“ရွာထဲကို လေယာဉ်နဲ့ ချတယ်။ ပင်လယ်ထဲကလည်း ပစ်တယ်။ ဘယ်နေ့ ကိုယ့်အိမ်ကို ကျလာမယ်မှန်းမသိဘူးလေ ။ တိုက်ပွဲဖြစ်နေတာက ရှောင်နေလို့ ရသေးတယ်။ အခုက ရွာတွေကို တမင် လေယောဉ်နဲ့ ပစ်နေတော့ မနေရဲလို့ ပြေး ကြရတာပါ။ အဝတ်တထည် ကိုယ်တခုနဲ့ ဘာမှမရခဲ့ဘဲ ပြေးရတဲ့သူတွေက ပိုများတယ်” လို့ မင်းပြင်ကျေးရွာမှ စစ် ဘေးရှောင်လာရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း နှစ်သောင်းခွဲဝန်းကျင်ထိ ရှိလာပြီး အဲဒီစစ် ဘေးရှောင်တွေဟာ တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်တပ်ရဲ့ ရန်ကြောင့် ငါးရှာ၊ ဟင်းခူး စတဲ့ အလုပ်တွေလည်း မလုပ် ကြရတာကြောင့် စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

“မြစ်ကိုထွက်ရင် ရေတပ်က ဖမ်းတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတော့ ငါးဖမ်းသမားတွေ မထွက်ရဲကြတော့ဘူး။ ငါးဖမ်းလှေတွေ မထွက်တော့ စစ်ရှောင်တွေအတွက်လည်း နေ့စားအလုပ်တွေ ရှားသွားတာပေ့ါ။ ဟိုနား ဒီနား တနိုင်တပိုင်ငါးရှာဖို့လည်း လက်နက်ကြီးနဲ့ မိုင်းတွေ ကြောက်ရတယ်” လို့ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာမှ ငါးဖမ်းသမားတဦးက ပြောပါတယ်။
ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တောင်ပိုင်းတခုလုံးကို လက်လွှတ်ထားရပြီး ဓည၀တီရေ တပ်စခန်း အနီးဝန်းကျင်၊ အမှတ်(၃၂)ရဲတပ်ရင်းအနီးဝန်းကျင်၊ မြို့ပေါ်အခြေစိုက်တပ်ရင်း အနီးဝန်းကျင် တွေကိုသာ ထိန်းချုပ်နိုင်တော့တဲ့ စစ်ကော်မရှင်တပ်ဟာ ယခုလပိုင်းအတွင်းမှာ လက်နက်၊ အင်အား အလုံးအရင်း ဖြည့်တင်းပြီး AA သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူမြို့ပေါ်နဲ့ ဆယ်မိုင်လောက်ကွာဝေးတဲ့ မင်းပြင်ကျေးရွာအနီးဝန်း ကျင်ထိ စစ်ကြောင်းထိုးလာပြီး အဲဒီကျေးရွာဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
“မင်းပြင်နားမှာ ဖြစ်တယ်၊ ရဲတပ်ရင်းနားမှာလည်း ရှိတယ်။ တိုက်ပွဲပြင်းနေတာ နှစ်ပတ်လောက် ရှိပြီ။ လေကြောင်း တအားသုံးနေတော့ ပြည်သူတွေအတွက် စိုးရိမ်နေရတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံတဦးက ပြော ပါတယ်။
တရုတ်စီမံကိန်းတွေ တည်ရှိရာ ကျောက်ဖြူဟာ ခရိုင်မြို့တခုဖြစ်ပြီး စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာထားတဲ့မြို့တခုလည်း ဖြစ်ပါတယ်။ အဲဒီလို ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေငြာပြီးတဲ့နောက်မှာပဲ လက်နက်၊ အင်အား အလုံးအရင်း ဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်လာခဲ့တာ ဖြစ်ပါတယ်။
“ရွေးကောက်ပွဲအတွက် ပြင်ဆင်လာတာပေ့ါ။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ် သွားမယ်။ လုပ်ဖို့လည်း ကြိုးစားနေတာ တွေ့ရတယ်” လို့ ရခိုင်ပြည်နယ်မှ ပြည်နယ်လွှတ်တော်အမတ်ဟောင်းတ ဦးက သုံးသပ်ပါတယ်။
ကျောက်ဖြူတိုက်ပွဲအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ အတင်းအဓမ္မဖမ်းဆီး စစ်သင်တန်းပေးထားတဲ့ ပြည်သူ့စစ်တွေကို အများစုတွေ့ရပြီး ဒရုန်းနဲ့ နည်းပညာဆိုင်ရာတွေကို တရုတ်က အကူအညီပေးနေတယ်လို့ ဒေသတွင်းသ တင်းရင်းမြစ်တွေက ပြောထားကြပါတယ်။