
ဘီဘီစီဘက်က ဗီဒီယိုရုပ်သံတည်းဖြတ်မှု မှားယွင်းခဲ့တဲ့အတွက် တောင်းပန်ခဲ့ပေမဲ့ ထရမ့်ကို နစ်နာကြေးပေးမှာ မဟုတ်ကြောင်း အသိပေးပြီးနောက် အမေရိကန် သမ္မတ ထရမ့်ဘက်က အခုလို ပြောလာတာပါ။
၁၅၊ နိုဝင်ဘာ။
ပြီးခဲ့တဲ့နှစ်က ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီရဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းကို တည်းဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး
ဘီဘီစီကို နစ်နာကြေးအဖြစ် ဒေါ်လာ ငါးဘီလီယံအထိ တရားစွဲဆိုသွားမယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့မှာ သူ့ရဲ့ထောက်ခံသူတွေ အမေရိကန် ဥပဒေပြုလွှတ်တော် အဆောက်အအုံကို တိုက်ခိုက်မှုမပြုလုပ်မီမှာ အကြမ်းဖက်လုပ်ရပ်ကို တိုက်ရိုက် တိုက်တွန်းခဲ့တယ်ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကို ထုတ်လွှင့်ခဲ့တာပါ။
ဒါပေမဲ့ ဘီဘီစီဘက်က ဗီဒီယိုရုပ်သံတည်းဖြတ်မှု မှားယွင်းခဲ့တဲ့အတွက် တောင်းပန်ခဲ့ပေမဲ့ ထရမ့်ကို နစ်နာကြေးပေးမှာ မဟုတ်ကြောင်း အသိပေးပြီးနောက် အမေရိကန် သမ္မတ ထရမ့်ဘက်က အခုလို ပြောလာတာပါ။
“ကျွန်တော်တို့ သူတို့ကို ဒေါ်လာ တစ်ဘီလီယံကနေ ငါးဘီလီယံအထိ တရားစွဲမယ်၊ လာမယ့်အပတ်လောက်မှာ ဖြစ်နိုင်တယ်။ လုပ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က လိမ်ညာခဲ့တယ်လို့တောင် ဝန်ခံထားပါတယ်” လို့ ထရမ့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ ရှေ့နေတွေက ဘီဘီစီထံ တနင်္လာနေ့မှာ စာတစ်စောင်ပေးပို့ခဲ့ပြီး ၂၀၂၁ ခုနှစ် အမေရိကန် ကက်ပီတယ်လ် အဓိကရုဏ်းမဖြစ်ပွားမီ မိန့်ခွန်းဗွီဒီယိုနဲ့ ပတ်သက်လို့ သမ္မတကို အသရေဖျက်မှုနဲ့ စွပ်စွဲခဲ့ပြီး သောကြာနေ့အထိ တောင်းပန်ဖို့နဲ့ နစ်နာကြေးပေးဆောင်ဖို့ အချိန်ပေးခဲ့ပါတယ်။
“ဗြိတိန်နိုင်ငံက ပြည်သူတွေက ဖြစ်ပျက်ခဲ့တာတွေအတွက် အရမ်းဒေါသထွက်နေကြပါတယ်။ တွေးကြည့်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဘီဘီစီဟာ သတင်းမှားတွေ ဖော်ပြနေလို့ပါပဲ” လို့ ထရမ့်က သောကြာနေ့ ညနေပိုင်းမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်က ဘီဘီစီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့အစည်းရဲ့ ထိပ်တန်းသတင်းအရာရှိတို့ ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။