ဧရာဝတီကလယ်သမားတွေအခက်အခဲ ကုန်သည်ကြီးများအသင်းဆီ ဒုတိယအကြိမ် အကူအညီတောင်းဖို့ပြင်

“သူတို့အတွက် လိုအပ်နေတာက ဈေးကွက်ပဲ။ ဈေးကွက်ခိုင်မာရင် စိုက်ပျိုးရတာ ချင့်ချိန်လို့ရတယ်။ ခုက ဆက်တိုက်ရှုံးနေကြတာ ဒီတိုင်းဆို ရူးကုန်ကြမလားပဲ ”

၁၂၊ နိုဝင်ဘာလ။

ဧရာဝတီတိုင်းက လယ်သမားတွေအနေနဲ့ လယ်ယာထွက်ကုန်တွေကို ခိုင်မာတည်ငြိမ်တဲ့ ဈေးကွက်တခု ဖော်ဆောင်ပေးနိုင်ဖို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ထံကို အကူညီတောင်းစာ ထပ်မံပေးပို့သွားဖို့ စီစဉ်နေကြပါတယ်။

ဒါဟာ ဒီနှစ်အတွင်းမှာ ဒုတိယအကြိမ် အကူအညီတောင်းဖို့ ပြင်ဆင်နေကြတာ ဖြစ်ပြီး ဒီနှစ် မတ်လကလည်း ဟင်္သာတ၊ကျုံပျော်နဲ့ မြောင်းမြစတဲ့ ခရိုင် ၃ ခုက လယ်သမား ၅၀ ကျော်က ပထမအကြိမ် စာပို့ပြီး အကူအညီ တောင်းခဲ့ပါသေးတယ်။

“အခု အစိုးရအဖွဲ့အစည်းက တောင်သူတွေနဲ့ ပတ်သက်လို့ အထူးဆောင်ရွက်တာ မရှိသေးဘူး။ လယ်ယာထွက်ကုန်ပစ္စည်းရဲ့ နိုင်ငံခြားစျေးကွက်ကို အစိုးရက ဦးဆောင်ပြီး ကုန်သည်ကြီးအဖွဲ့ကို ကြပ်မတ်ဆောင်ရွက်ရင် ပြေလည်နိုင်မယ်လို့ ထင်တယ်”လို့ ဟင်္သာတမြို့နယ်က လယ်သမားအ‌ရေး ကူညီဆောင်ရွက်နေသူ တဦးက ဆိုပါတယ်။

ဧရာဝတီတိုင်းကထွက်ရှိတဲ့ လယ်ယာထွက်ကုန်တွေနဲ့ ပတ်သက်တဲ့ ဈေးကွက်တည်ငြိမ်မှုမရှိတာ၊ ခိုင်မာတဲ့ ဈေးကွက်မရှိတာ၊ ရာသီဥတုကြောင့် ပျက်ဆီးရတာရတာတွေကြောင့် တောင်သူလယ်သမားတွေဟာ အကြပ်အတည်းတွေ ဆက်တိုက်ကြုံနေရပါတယ်။

ပထမ အကြိမ် အကူညီတောင်းစာနဲ့ ပတ်သက်လို့ တစုံတခု ထူးခြားမှု ရှိမလာခဲ့ပေမယ့် အခုဈေးကွက်အတိုင်း ဆက်သွားရင် မိုးစပါးနဲ့ လာမယ့် ဆောင်းသီးနှံထွက်ရှိမယ့် ကာလတွေမှာလည်း တောင်သူလယ်သမားတွေ အတွက် အရှုံးများနိုင်တာကြောင့် ဒုတိယအကြိမ် ထပ်ပြီးကြိုးစားဖို့ ပြင်နေကြတာလို့ စီစဉ်နေသူတွေက ပြောပါတယ်။

ဒီနှစ်ဆောင်းသီးနှံကို လာမယ့် နိုဝင်ဘာ တတိယပတ်လောက်မှ အများစုက စတင်စိုက်ပျိုးနိုင်မှာဖြစ်ပြီး ဒါဟာ စိုက်ပျိုးချိန် နောက်ကျနေပြီ ဖြစ်တဲ့အတွက် သွင်းအားစုတွေကို ပုံမှန်ထက် ပိုမိုအသုံးပြုဖို့ လိုနေတဲ့ အနေအထား ဖြစ်ပါတယ်။

လက်ရှိ သွင်းအားစုတွေရဲ့ ဈေးနူန်းအရ မြေကိုပြုပြင်ဖို့ သုံးစွဲတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေဟာ လယ် တစ်ဧကကို အနည်းဆုံး ငွေကျပ် တသိန်းခွဲကနေ ၅ သိန်းကျပ်အထိ သုံးစွဲရနိုင်သလို အပင်အားကောင်းဖို့၊ အပွင့်အားကောင်းဖို့၊ အသီးအားကောင်းဖို့ အတွက်တွေလည်း သုံးရမယ့် သွင်းအားစုတွေ ရှိနေသေးတယ်လို့ လယ်သမားတွေက ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း အစိုက်များကြတဲ့ မတ်ပဲမျိုးစေ့ဟာ အမျိုးအစားအလိုက် ငွေကျပ် တသိန်းဝန်းကျင်ကနေ စရှိပါတယ်။

“သူတို့အတွက် လိုအပ်နေတာက ဈေးကွက်ပဲ။ ဈေးကွက်ခိုင်မာရင် စိုက်ပျိုးရတာ ချင့်ချိန်လို့ရတယ်။ ခုက ဆက်တိုက်ရှုံးနေကြတာ ဒီတိုင်းဆို ရူးကုန်ကြမလားပဲ ” လို့ မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမားအ‌ရေး ကူညီဆောင်ရွက်နေသူ တဦးက ဆိုပါတယ်။

မတ်ပဲ ထွက်နူန်းဟာ မြေအမျိုးအစားနဲ့ သွင်းအားစုတွေပေါ် မူတည်ပြီး တဧကကို ၇ တင်းကနေ ၂၅ တင်းထိ ထွက်နိုင်တယ်လို့ ဆိုပါတယ်။ဒီလိုအခြေအနေမှာ လက်ရှိ မတ်ပဲပေါက်ဈေးဟာ ငွေကျပ် ၉ သောင်းဝန်းကျင်မှာပဲ ရှိနေပါတယ်။

“အရှုံးကဆက်နေပြီ။ လယ်သမားတွေ တောင့်ခံရတာက ဈေးမကိုက်တာ၊ ရာသီဥတုဖျက်တာ တခုတည်း မဟုတ်ဘူး။ စစ်မှုထမ်းထောက်ပံ့ကြေးတွေ၊ လောင်းကစားဝိုင်းတွေ၊ ခိုးဆိုးလုနှိုက်တွေ အကုန်လုံးပဲ ” လို့ ဟင်္သာတမြို့နယ်က လယ်သမားအ‌ရေး ကူညီဆောင်ရွက်နေသူ တဦးက ဆိုပါတယ်။

တောင်သူလယ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးစပါးရာသီကတည်းက စပြီး စပါးဈေးကျတာနဲ့ ဈေးကွက်မတည်ငြိမ်မှုကို ဆက်တိုက်ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။