ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်မယ် ၊ လူပေါင်း တသိန်းကျော်ကို ကြိုတင်ရွေ့ပြောင်း

ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖုန်း ခန့်မေဂီ ဝင်ရောက်ပြီး မကြာမီ ရက်အနည်းငယ်အကြာမှာပဲ Fung-wong မုန်တိုင်း ချဉ်းကပ်လာတာ ဖြစ်ပါတယ်။

၉ ၊ နိုဝင်ဘာ ။

Fung wong မုန်တိုင်းဟာ ဒီကနေ့ နိုဝင်ဘာ ၉ရက်နေ့မှာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာတာကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၁သိန်းကျော်ကို ဘေးလွတ်ရာ ရွေ့ပြောင်းထားရပါတယ်။

အဆိုပါ မုန်တိုင်းဟာ ဒီကနေ့နှောင်းပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်မယ်လို့ ခန့်မှန်းထားတာကြောင့် မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

ဖိလစ်ပိုင်ရဲ့ ဧရိယာတော်တော်များများမှာ မုန်တိုင်းသတိပေးချက်အမြင့်ဆုံး အဆင့် ၅ ထုတ်ပြန်ထားပါတယ်။

စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပြီး အွန်လိုင်းစနစ်ကို ပြောင်းလဲထားကာ Philippine Airlines ကလည်း လေကြောင်းခရီးစဉ်တချို့ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ယူဝမ် လို့ လူသိများတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း Fung-wong ဟာ တနာရီကို အများဆုံးလေတိုက်နှုန်း ၁၁၅ မိုင်အထိ တိုက်ခတ်နေပြီး ဒီကနေ့ ညအစောပိုင်းမှာ လူဇွန်ကျွန်းအလယ်ပိုင်းရှိ အူရိုယာပြည်နယ်ကို ကုန်းတွင်းပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖုန်း ခန့်မေဂီ ဝင်ရောက်ပြီး မကြာမီ ရက်အနည်းငယ်အကြာမှာပဲ Fung-wong မုန်တိုင်း ချဉ်းကပ်လာတာ ဖြစ်ပါတယ်။
တိုင်ဖုန်း ခန့်မေဂီကြောင့် ဖိလစ်ပိုင်မှာလူပေါင်း ၂၀၄ ဦး သေဆုံးခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာလည်း လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
Ref – Reuters