တပတ်အတွင်းသတင်းအနှစ်ချုပ်

၂၅၊အောက်တိုဘာလ။

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

🔹 အာဏာသိမ်းစစ်ခေါင်းဆောင်တက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေး
🔹 အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့အာဆီယံကိုJFMတောင်းဆို
🔹 CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ ဆက်အသိအမှတ်ပြု
🔹 ရုပ်ရှင်ကားလိုKK Parkကိုစစ်တပ်ကဟန်ပြဝင်စီးနင်းပြ
🔹 အာဏာသိမ်းစစ်တပ်ဓါတုလက်နက်အသုံးပြုမှုအခြေအနေကုလမြန်မာသံအမတ်ကြီးပြောကြား

🔹 အာဏာသိမ်းစစ်ခေါင်းဆောင်တက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေး

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာအောက်တိုဘာ ၂၆ရက်က၂၈ရက်အထိကျင်းပမယ့်၄၇ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကိုအာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရရှိပါဘူး။

ထိပ်သီးအစည်းအဝေးကိုအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအပြင်အရှေ့တီမော ခေါင်းဆောင်နဲ့အမေရိကန် ၊ တရုတ်၊ ဂျပန်၊ ရုရှား၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိက၊ သြစတြေးလျ၊ နယူးဇီလန်၊တောင်အာဖရိကစတဲ့နိုင်ငံတွေကကမ္ဘာ့ထိပ်တန်းခေါင်းဆောင်နဲ့ကိုယ်စားလှယ်တွေတက်ရောက်ကြမှာပါ။

ဒါ့အပြင်ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ၊ အာဆီယံ+၃ မဟာစီးပွားရေး သုတေသနရုံး (AMRO)၊ အရှေ့အာရှစီးပွားရေးကောင်စီ၊သုံးပွင့်ဆိုင်ပူးပေါ
င်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံးက ကိုယ်စား လှယ်တွေ၊အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုတို့လည်း တက် ရောက်မှာဖြစ်ပါတယ်။

🔹 အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့အာဆီယံကိုJFMတောင်းဆို

အာဏာသိမ်းစစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ဆန့်ကျင်ဖို့ Justice For Myanmar (JFM) ကတောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီထုတ်ပြန်တောင်းဆိုတာလည်းဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့တာ ၄ နှစ်ကျော်ကြာမြင့်လာပေမဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု လုပ်ငန်းတွေကိုသာ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်၊အဲဒီလို လုပ်ဆောင်နိုင်အောင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒေသတွင်း စီးပွားရေး လုပ်ငန်းတွေရဲ့ ကြံရာပါ ပတ်သက်မှုတွေကအားပေးကူညီခဲ့တယ်လို့ JFM ကဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အခြေစိုက်တဲ့ အနည်းဆုံး ကုမ္ပဏီ ၅၄ ခုဟာအာဏာသိမ်းစစ်တပ်နဲ့ စစ်အုပ်စုရဲ့ ဆက်စပ် ကုမ္ပဏီတွေရဲ့ စီးပွားရေး ဆက်နွှယ်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့လည်းဖော်ပြပါတယ်။

လေယာဉ်ဆီရောင်းချမှုတွေ၊ ရေနံနဲ့သဘာဝဓာတ် ငွေ့၊ သစ်လုပ်ငန်း၊ မြေငှားရမ်းလုပ်ငန်း၊ ဆက်သွယ်
ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာလုပ် ငန်းတွေမှာဆက်စပ်နေပြီး စစ်အုပ်စုရဲ့အကြမ်းဖက် စစ်ဆင်ရေးကို အသက်ဆက်ပေးနေတဲ့ အသက် သွေးကြောတွေလည်းဖြစ်တယ်လို့ JFM ကထောက် ပြပါတယ်။

အာဆီယံရဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကလည်း မြန်မာစစ်တပ်ကို အစည်းအ ဝေးတွေ တက်ရောက်ခွင့်၊ထောက်လှမ်းရေးသတင်း အချက်အလက်နဲ့ လေ့ကျင့်သင်တန်းတွေတက်ရော က်ခွင့်တွေကို ပေးအပ်ထားတာဟာ စစ်အုပ်စုအတွက် တရားဝင်မှု၊ စွမ်းဆောင်ရည် တိုးချဲ့မြှင့်တင်မှုနဲ့ ဝါဒဖြန့်ချိမှုတွေအတွက် အခွင့်အရေး ပေးရာ ရောက်တယ်လို့လည်း JFMကထုတ်ပြန်ခဲ့တာပါ။

🔹 CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ ဆက် အသိအမှတ်ပြု

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက် ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)ကအဓိကမိတ်ဖက် အဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာကျင်းပနေတဲ့၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ အမှုဆောင်ကောင်စီ အစည်းအဝေးမှာဆုံးဖြတ် ချက်ချခဲ့တာလို့CRPH က ထုတ်ပြန်ခဲ့တာပါ။

CRPH ဟာ IPU အစည်းအဝေးတွေကိုမြန်မာကိုယ်စားပြုဆက်လက်တက်ရောက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအ​ယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရေးနဲ့ ပတ်သက် ပြီးလည်း IPU အထွေထွေအတွင်းရေး မှူးချုပ် နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်တို့ဟာဂျီနီဗာမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

🔹 ရုပ်ရှင်ကားလို KK Parkကို စစ်တပ်က ဟန်ပြဝင်စီးနင်းပြ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးနဲ့ အင်ကြင်းမြိုင်ဒေသက ကျားဖြန့်ဂိုဏ်းများရှိရာ KK Park ကို ဝင်ရောက်စီးနင်းရှင်းလင်းခဲ့တယ်လို့အာဏာသိမ်းစစ်အုပ်စုကထုတ်ပြန်ခဲ့ပါတယ်။

စတားလင့်ခ်အသုံးပြုအွန်လိုင်းကငွေကြေးလိမ် လည်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အမေရိကန် ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်းနေချိန်မှာပဲအခုလိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

စတားလင့်ခ်အင်တာနက် စလောင်း အလုံး ၃၀နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းမိခဲ့ပြီးအဆောက် အဦ စုစုပေါင်း ၃၀၀ ခန့်မှာ အလုပ်သမား ၂,၁၉၈ ဦး တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့်အခုလိုဝင်ရောက်စီးနင်းခဲ့တာက ဟန်ပြပြုလုပ်တာသာဖြစ်တယ်လို့လည်းပြောဆိုဝေဖန်နေကြတာပါ။

မြဝတီမြို့နယ်မှာကျားဖြန့်ငွေလိမ်လုပ်ငန်း အဆော က်အဦငှားရမ်းတာ၊လုံခြုံရေးယူပေးတာတွေကို ကရင်နယ်ခြားစောင့်တပ်BGF က ဦးစီးနေတာပါ။

🔹 အာဏာသိမ်းစစ်တပ်ဓါတုလက်နက်အသုံးပြုမှုအခြေအနေကုလမြန်မာသံအမတ်ကြီးပြောကြား

မြန်မာနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုအခြေအ နေကို စောင့်ကြည့်ဖို့နဲ့ ကြိုတင်ကာကွယ်ရေး အစီ အမံတွေချမှတ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။
နယူးယောက်မြို့မှာကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်
သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ)ရဲ့တခြားအဖျက်စွမ်းအားပြင်းလက်နက် များ ဘာသာရပ်မူဝါဒရေးရာ ဆွေးနွေးမှု အစီအစ ဉ်မှာထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်-အရပ်ဖက် ၂ မျိုးသုံး စက်မှုဓာတုပစ္စည်းတွေကို အလွယ်တကူ အလွဲသုံးစားပြုခဲ့ပြီးစစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ အရပ်သားတွေအပေါ်ဓာတုလက်နက်တွေ အသုံးပြု တာ အပါအဝင်ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ပေး မခံရတဲ့အပြင် ဆက်လက်ကျူးလွန်နိုင်ဖို့အခွင့်အရေးပေးမှာဖြစ်လို့ရွေးကောက်ပွဲကိုကန့်ကွက်ဖို့လည်းတိုက်တွန်းပါတယ်။

စစ်အာဏာ မသိမ်းမီကတည်းက စစ်တပ်က ဓာတု ပစ္စည်းတွေအသုံးပြုတယ်လို့ သတင်းတွေထွက် ပေါ်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန် ရေးအင်အားစုတွေ ထိန်းချုပ်ရာဒေသတွေမှာဖျက် အား ပြင်းမျက်ရည်ယိုဗုံးနဲ့ ဓာတုပစ္စည်းတွေကိုအသုံးပြုခဲ့တဲ့မှတ်တမ်းတွေရှိတယ်လို့ သံအမတ် ကြီးက ဆက်ပြောပါတယ်။