
“ဒီနှစ်လည်း မိုးစပါးက ဈေးကျတယ် ပဲစိုက်ဖို့ကလည်း နောက်ကျရင် အထွက်နူန်းလျော့နိုင်တယ်။ မစိုက်ပြန်ရင်လည်း လယ်သမားတွေမှာ ငွေမလည်ပတ်နိုင်ဖြစ်မယ်။ ဆုတ်လည်း စူး စားလည်း ရူး အခြေအနေပါပဲ
၂၄၊ အောက်တိုဘာလ။
ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကို အောက်တိုဘာလအတွင်း ပုံမှန်စိုက်ပျိုးလေ့ရှိပေမယ့် ဒီနှစ်အတွက် ရာသီဥတု အခြေအနေနဲ့ စိုက်ပျိုးစားရိတ် ကြီးမြင့်လာတဲ့ အခြေအနေတွေကြောင့် မတ်ပဲစိုက်နိုင်ဖို့ အနည်းငယ် အခက်အခဲ တွေ့နေကြပါတယ်။
မတ်ပဲဟာ အောက်တိုဘာလကနေ ဒီဇင်ဘာလကြားမှာ စိုက်ပျိုးနိုင်တယ်ဆိုပေမယ့် ဧရာဝတီတိုင်းရဲ့ ရာသီဥတုနဲ့ စိုက်ပျိုးမှုလည်ပတ်တဲ့ ပုံစံတွေကြောင့် အောက်တိုဘာ လဆန်းပိုင်းမှာ မတ်ပဲကို စိုက်ပျိုးနိုင်ခြင်းမရှိရင် အထွက်နူန်းကျတတ်တဲ့ သဘောသဘာဝရှိပါတယ်။
“အခုကတော့ စိုက်ပျိုးနိုင်ချိန်ကို ကျော်သွားတာမျိုးတော့ မဟုတ်သေးဘူး။ ဒါပေမယ့် ဒီအချိန်က စိုက်သင့်နေပြီ ပေါ့နော်။ မတ်ပဲက ပြည်ပပို့တဲ့ ကုန်အမျိုးအစား ဆိုတော့ ခုတောင် ဈေးကကျနေတာ စိုက်ချိန်မမှန်လို့ ကွာလတီများ ကျသွားရင် ထပ်ရှုံးမှာ။ ခုတောင် ခွေးဖြစ်နေပြီ အဲ့လိုဆို ထအူဖို့ပဲရှိတော့တယ် ” လို့ ဟင်္သာတမြို့နယ်ထဲက လယ်သမား ဦးတိုးကြီးက ပြောပါတယ်။
ဒီနှစ်ရာသီဥတု အခြေအနေက ဆောင်းသီးနှံတွေ စိတ်ချလက်ချ စိုက်ပျိုးနိုင်ဖို့လည်း အာမခံချက် မရှိတဲ့အတွက် လယ်သမား အများစုက စိုးရိမ်နေကြပါတယ်။တချို့လယ်တွေက ရိတ်သိမ်းပြီးကြပေမယ့် ဧရာဝတီထဲက ဒေသတချို့မှာ မိုးက ဆက်တိုက်ရွာသွန်းမှုတွေ ရှိနေပါတယ်။
“အခု အောက်တိုဘာ ၃၀ ကနေပြီး နိုဝင်ဘာလဆန်းအထိကို ဧရာဝတီတိုင်း အပါအဝင် တနိုင်ငံလုံး နေရာကွက်ကြား မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်နိုင်ပါတယ် ” လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
ဧရာဝတီတိုင်းဟာ အခုလိုအောက်တိုဘာလတွေမှာ ပုံမှန်အားဖြင့် ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကို စတင် စိုက်ပျိုးကြပေမယ့် ဒီနှစ်အတွက် လက်တလောအချိန်တွေအထိ စိုက်ပျိုးနိုင်ခြင်း မရှိသေးတာကြောင့် ဆောင်းသီးနှံပေါ်မယ့်အချိန်မှာ အထွက်နူန်းကျခြင်းနဲ့ အရည်အသွေးမမီခြင်းတွေဖြစ်ပြီး အရှုံးနဲ့ ထပ်မံရင်ဆိုင်ရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း မိုးကာလတုန်းက ဖျက်မိုးကြောင့် ပျက်ဆီးခဲ့ရပြီး တဖန် အစားထိုးစိုက်ထားတဲ့ စပါးခင်းတွေနဲ့ ရိတ်သိမ်းချိန် ရောက်နေတဲ့ စပါးခင်းတွေ အတွက် စက်ပစ္စည်းငှားခ၊ နေ့စားငှားခတွေဟာ ဈေးနှုန်းတွေ တက်နေပြီး ရလာမယ့် စပါးဈေးနဲ့ ကွာဟလွန်းတာကြောင့် မရိတ်သိမ်းနိုင် ဖြစ်နေရပါတယ်။
“ မနှစ်က ၁၃ သိန်းတုန်းကတောင် ထွက်နူန်းကျတဲ့ လယ်သမားတွေ ရှုံးပါတယ်။ ဒီနှစ် ဒီဈေးနဲ့ ဒီရာသီဥတုနဲ့ ဆိုရင်တော့ ပုံမှန်ထွက်တဲ့သူတွေပါ ရှုံးတော့မယ့် သဘောပါပဲ။ ကျွန်တော်တို့လည်း ရှုံးပြီးရင်းရှုံးဖြစ်နေပြီ ” လို့ ဦးတိုးကြီးက မှတ်ချက်ပေးပါတယ်။
ဟင်္သာတ မြို့နယ်ထဲက လယ်သမားအရေးတွေ ကူညီဆောင်ရွက်ပေးနေသူတဦးကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန်က စပြီး စပါးဈေးနဲ့ ပဲဈေးတွေ ဆက်တိုက်ကျဆင်းလာတဲ့အပြင် ရာသီဥတုကြောင့်
ဆုံးရှုံးတာတွေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အတင်းဖိအားပေး ပြန်တောင်းနေတာတွေကြောင့် လယ်သမားတွေဟာ ဆက်တိုက် အထိနာနေခဲ့တာဖြစ်တယ်လို့ ထောက်ပြပါတယ်။
“ ဒီနှစ်လည်း မိုးစပါးက ဈေးကျတယ် ပဲစိုက်ဖို့ကလည်း နောက်ကျရင် အထွက်နူန်းလျော့နိုင်တယ်။ မစိုက်ပြန်ရင်လည်း လယ်သမားတွေမှာ ငွေမလည်ပတ်နိုင်ဖြစ်မယ်။ ဆုပ်လည်းစူး စားလည်းရူး အခြေအနေပါပဲ ” လို့ ပြောပါတယ်။
လက်ရှိ အောက်တိုဘာလရဲ့ မတ်ပဲဈေးနူန်းဟာ တတင်းကို ကျပ် ၉ သောင်းကျော်ပေါက်နေပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဈေးနူန်းနဲ့ယှဉ်ရင် မတ်ပဲ တတင်းကို ၅ သောင်းဝန်းကျင် ကျဆင်းနေတဲ့ အနေအထားပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းက ဧရာဝတီတိုင်းက မတ်ပဲကြဲမယ့် လယ်သမားတွေ အနေနဲ့ အောက်တိုဘာ ၂၂ နေ့နောက်ပိုင်းမှာ ကြဲကြဖို့ မိုးဇလ ကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းက လယ်သမားတွေကတော့ အခုချိန်ထိ မတ်ပဲအပါအဝင် ဆောင်းသီးနှံစိုက်ပျိုးဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။