စပါး စပါး ပြောပါများ၊ စကားထဲက ဇာတိပြ

“သူပြောသွားတဲ့ စကားတွေကို ကြည့်လိုက်ရင် ဧရာဝတီတိုင်းက လယ်သမားတွေက အသုံးမကျလို့ ဆိုတဲ့ပုံစံမျိုး၊ လယ်သမားတွေသာ အသုံးကျရင် ဧရာဝတီတိုင်းဟာ ထိပ်ဆုံးမှာရှိနေမယ် ဆိုတာမျိုး ပြောသွားတာ။

၂၁၊ အောက်တိုဘာလ။

“မိုးစပါး ၁၀၀ နွေစပါး ၁၁၀ ထွက်ဖို့ ရည်မှန်းချက် ထားတယ်”လို့ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧရာဝတီတိုင်းသားတွေရှေ့မှာ ခပ်တည်တည်ပဲ မိန့်ခွန်းကို စဖွင့် လိုက်ပါတယ်။

အောက်တိုဘာ၁၉ ရက်နေ့က ပုသိမ်မြို့ကိုလာရောက်ပြီး ဧရာဝတီတိုင်းရဲ့ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး ပုသိမ်မြို့က ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ မိန့်ခွန်းကို အခုလို စခဲ့တာပါ။

တဧက၊တင်းတရာ လက်တွေ့ကျရဲ့လားဧရာဝတီ တိုင်းဟာ လယ်၊ယာ၊ကိုင်း စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်တဲ့ဒေသတခုဖြစ်ပြီး အခြားသောမွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုင်ရာ အလုပ်တွေလည်း အတန်အသင့်ရှိတဲ့ ဒေသတခုဖြစ်ပါတယ်။

လယ် ၁ ဧကကို စပါး တင်း ၁၀၀ ဝန်းကျင် ထွက်နိုင်ဖို့ဆိုတာ လယ်သမားတိုင်းရဲ့မျှော်လင့်ချက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်မတိုင်ခင်ကာလတွေအထိ လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့ ရည်မှန်း ချက်လည်းဖြစ်ပါတယ်။

“ တဧက ၁၀၀ ဆိုတာက အရင်ကလို သွင်းအားစုတွေ လိုသလောက်ရနေချိန်မှာတောင် မျှော်လင့်ရုံပဲရတာ ခုလိုအခြေအနေမှာတော့ မျှော်လင့်လို့တောင် မရပါဘူး ” လို့ မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံ လယ်သမားတဦးဖြစ်သူ ကိုရွှေမှုန်ကဆိုပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၉ ခုနှစ်ထိ မှတ်တမ်းတွေအရ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက် ဧက ၃၅ သိန်းကျော်ရှိပြီး ပုံမှန်အားဖြင့် သိန်း ၃၀ ကျော်ကို ပြည့်မှီအောင်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မိုးစပါးနဲ့ နွေစပါးမှာ မိုးစပါးရဲ့ သွင်းအားစု ကုန်ကျစရိတ်က နွေစပါးရဲ့ သုံးပုံ တပုံခန့်သာရှိပါတယ်။

ဒီလိုမျိုး သွင်းအားစုတွေ များများမသုံးရတဲ့ မိုးစပါးအတွက်တောင်မှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီကာလမှာ ဧက သိန်း ၂၀ ဝန်းကျင်သာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

“ စစ်မှုထမ်း ထောက်ပံ့ကြေးပေးရတယ်၊ စစ်မှုထမ်းဖို့အတင်းဆွဲ(ပေါ်တာ) ခံရတယ်၊ စပါးဈေးကွက်ကျတယ်၊ လူငယ်တွေ လယ်သမားတွေ စပါးစိုက်ဖို့ထက် စစ်မှုမထမ်းရဖို့ ရုန်းကန်ကြရတယ်။ အရင်က ရာသီဥတုကြောင့် စပါးခင်းတွေပျက်ရင်ချက်ချင်း အစားထိုးစိုက်ဖို့ ချေးငွေလား၊ မျိုးစေ့လား လွယ်ကူတယ်။ သွင်းအားစုလို့ခေါ်တဲ့ ဓာတ်မြေဩဇာတွေကို အစိုးရဈေးနဲ့ရောင်းပေးတယ်။ လွယ်လွယ်ကူကူဝယ်လို့ရတယ်။ လယ်သမားဟာ လယ်ကိုပဲ အာရုံစိုက်ပြီးလုပ်နိုင်ရင် အထွက်တိုးမှာပဲ။ လယ်သမားကို လယ်မစိုက်နိုင်အောင်လုပ်ပြီး ဘာကိုအထွက်တိုးချင်နေတာလဲပဲ မေးရမယ် ” လို့ လယ်သမားအရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ဟင်္သာတမြို့နယ် က ကိုနိုင် (အမည်လွှဲ)က ရှင်းပြပါတယ်။

🔹 ပေါ်ဆန်းမွှေးနဲ့ နိုင်ငံခြားငွေ အိပ်မက်

ဒါတင်မကသေးပါဘူး စစ်ခေါင်းဆောင်ဟာ ဧရာဝ တီတိုင်းကထွက်တဲ့ ပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်းရဲ့ ဘရန်း(Brand) ဖြစ်လာအောင် အဆင့်မြှင့်တင်ကြဖို့ ဒါဟာ နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေ ရရှိနိုင်တဲ့ ခိုင်မာတဲ့ ပို့ကုန်တခုဖြစ်လာလိမ့်မယ်ဆိုတာကိုလည်း ထည့်သွင်း ပြောခဲ့ပါသေးတယ်။

ဧရာဝတီတိုင်းမှာ ပေါ်ဆန်းရင် အမျိုးအစား ပေါ်ဆန်းမွှေးကို အများစုစိုက်ပျိုးကြပြီး ဒေသမျိုးတွေဖြစ်ကြတဲ့ ပုသိမ်ပေါ်ဆန်းနဲ့ ဖျာပုံပေါ်ဆန်းကိုလည်း စိုက်ပျိုးကြပါတယ်။

ဒီထဲက ဖျာပုံပေါ်ဆန်းဟာ ၂၀၀၉ ခုနှစ်ကပြုလုပ်တဲ့ ကမ္ဘာ့ဆန်စပါး အရည်အသွေး ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွေကတည်းက ပြည်ပဈေးကွက်ကို တင်ပို့နေခဲ့တဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။

ဖျာပုံပေါ်ဆန်းဟာ ရွှေဘိုပေါ်ဆန်းနဲ့ အမျိုးအစားတခုတည်းဖြစ်ပေမယ့် ဒေသကွာခြားမှုအရ အနံ့နဲ့အရသာမှာ အနည်းငယ်ပြောင်းလဲမှုတော့ရှိတယ်လို့ ဆန်းစပါးဆိုင်ရာ သုတေသန ပညာရှင်တွေက သုံးသပ်ထားကြတာပါ။

ဒီဆန်တွေကို ဒေသနာမည်စွဲတွေအလိုက် IG ဆိုတဲ့ ဒေသမျိုးကွဲအဖြစ် တိတိကျကျ မှတ်ပုံတင်နိုင်ဖို့ ၂၀၂၀ ပြည့်နှစ်တွေအထိ တောင်သူလယ်သမားအဖွဲ့အစည်းတွေနဲ့ဆန်စပါးအသင်းတွေက ကြိုးစား နေခဲ့ကြပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလှုပ်ရှားမှု မှတ်တမ်းတွေကို မတွေ့ရှိရတော့ပါဘူး။

ဒီလိုမှတ်ပုံတင်နိုင်ခြင်းအားဖြင့် အရည်အသွေး တိတိကျကျ သတ်မှတ်ထားပြီး ကမ္ဘာ့ဈေးကွက်ကို တည်တည်ငြိမ်ငြိမ် တင်ပို့နိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စိုက်နေတဲ့ ပေါ်ဆန်းမွှေး မျိုးတွေက နဂိုကတည်းက နိုင်ငံခြားကို တင်ပို့နိုင်တဲ့ Brand တွေပဲလေ။ အဲ့ဒီကွာလတီကို မလျော့သွားအောင် ကျွန်တော်တို့ ထိန်းသိမ်းကြတယ်။ ဒီကာလကြီးထဲမှာ တောင်မှ အိတ်စပို့ကွာလတီ ကျမသွားအောင် ကျွန်တော်တို့ အရှုံးခံထိန်းထားကြတာ။ ဒါမှန်သော စကားပဲ။ သူက စိုက်ရက် ပိုရှည်တယ်။ မြေရော ရေရော ထိန်းထားနိုင်ဖို့လည်း လိုတယ်။ သူလိုအပ် တဲ့ သွင်းအားစု(မြေဩဇာစသဖြင့်)တွေလည်း ပေးနိုင်ဦးမှ။ ဒီနှစ်ဆို ပုသိမ် စိုက်တယ်( ပုသိမ်ပေါ်ဆန်း) ၅၀ ကျော် ထွက်တယ်။ သူက ပုံမှန်ဆိုလည်း ၅၀၊ ၇၀ ဒီလောက်ပဲ။ စိုက်ရတဲ့ နေရာကလည်း ကန့်သတ်ချက် ရှိတယ် လယ်တိုင်းမှာ စိုက်လို့ရတာ မဟုတ်ဘူး အနိမ့်ပိုင်းတွေ၊ ရေသာတဲ့ နေရာတွေမှာပဲ စိုက်လို့ရတာ ” လို့ ကိုရွှေမှုန်က ပြောပါတယ်။

ပုံမှန်အားဖြင့် ပေါ်ဆန်းစပါးကို ၅ လဝန်းကျင် စိုက်ပျိုးရပြီး ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးဧက လေးပုံတပုံမှာ ပေါ်ဆန်းတွေကို စိုက်ကြပါတယ်။ အဓိကအားဖြင့် ပုသိမ်၊ ဖျာပုံ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း ဒေသတွေ ဘက်မှာ စိုက်ပျိုးကြလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ မိုးစပါးစိုက်ရာသီမှာတော့ ဧက သိန်း ၂၀ ဝန်းကျင်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ပေါ်ဆန်းမွှေးစိုက်ခင်းတွေကတော့ ဧက၇သိန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

“ ပေါ်ဆန်း အထွက်တိုးဖို့ ဆိုတာ မျိုးကောင်းဖို့၊ ရာသီဥတုကောင်းဖို့၊ မြေဩဇာ အချိုးကျ အချိန်နဲ့ အချိန်ကျွေးနိုင်ဖို့တွေ လိုပါတယ်။ ပြီးရင် အိတ်စပို့ကွာလတီသာ လိုချင်တာ ဘယ်မှာလဲ ဈေးက။ လယ်သမားတွေ အိတ်စပို့ဈေးမရတာ သုံး၊ လေး နှစ်လောက်ရှိနေပြီ ” လို့ ကိုနိုင်က ဆိုပါတယ်။

စပါးနဲ့ ငါး လက်တွေ့ကျသလား ချောင်းတွေ၊ မြစ် တွေနဲ့ ဆက်နွယ်နေတဲ့ ရေနက်ကွင်းလို့ခေါ်တဲ့ နေရာတွေဟာ ဧရာဝတီတိုင်းရဲ့ စိုက်ပျိုးဧက ၁၀ ရာခိုင်နှုန်းလောက်ထိရှိပါတယ်။

ဒါကြောင့် ဒီရေနက်ကွင်းတွေမှာ စပါးနဲ့ ငါး၊ ပုဇွန် တွေကို စနစ်တကျ စိုက်ပျိုး မွေးမြူနိုင်မယ်၊ စပါးစိုက်ပျိုးရာမှာလည်း စနစ်တကျနဲ့ မှန်မှန်ကန်ကန်နဲ့ ကောက်ကွက်ပြည့်မှီအောင် စိုက်ပျိုးနိုင်မယ်ဆိုရင် ဧရာဝတီတိုင်းရဲ့ ပြည်ပပို့ကုန် တိုးတက်လာမှာဖြစ် ပြီး နိုင်ငံခြားငွေ ပိုမိုရရှိနိုင်မှာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါသေးတယ်။

“ရေနက်ကွင်းတွေမှာ ငါးတွေ၊ ပုဇွန်တွေ မွေးဖို့ဆိုတာက ရယ်စရာပါပဲ။ ဒီလိုသာ မွေးဖို့အဆင်ပြေနေရင် ကျွန်တော်တို့တွေ ငါးကန်တွေလုပ်စရာ ဘယ်လိုတော့မလဲ။ ဧရာဝတီက ရေနက်ကွင်းတွေဆိုတာက မြစ်တွေ၊ ချောင်းတွေနဲ့ဆက်စပ်နေတာ ရေတက်၊ရေကျရှိမယ်၊ နှုံးတွေရှိမယ်၊ နောက်စပါးသိမ်းရင် ငါးသိမ်းရမှာရှိမယ်။ တကယ်တော့ မွေးလို့မရတာတော့ မဟုတ်ပါဘူး ရပါတယ်။ ရအောင်လုပ်တဲ့ နည်းတွေရှိတယ်။ ဒါပေမယ့် ဘယ်မှာလည်း အရင်း အနှီး ” လို့ ဒေးဒရဲ ဒေသခံတဦးဖြစ်သူ ကိုထွန်းက ဆိုပါတယ်။

စပါးနဲ့ ငါး တွဲဖက် စိုက်ပျိုးမွေးမြူဖို့ကို ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က သုတေသနပြု စမ်းသပ်တာတွေ လုပ်ခဲ့ဖူးတယ်လို့ စိုက်ပျိုးရေး သုတေသန ဌာနကနေ CDM ပြုလုပ်လာသူ မစိုး (အမည်လွှဲ)က ပြောပါတယ်။

“တခုခု လုပ်ဖို့ဆိုရင် ကြားဖူးနားဝနဲ့ သူများဆီမှာ ဒီလိုလုပ်နေတာပဲ ဆိုတာမျိုးနဲ့ လုပ်လို့မရဘူး။ ငါးနဲ့ စပါးကိုတွဲပြီး စိုက်ပျိုးမွေးမြူရေး လုပ်ဖို့ကျွန်မတို့ စမ်းသပ်ဖူးတယ်။ စပါးသိမ်းမယ့်အချိန်နဲ့ ကိုက်ညီတဲ့ ငါးမျိုးကို ရွေးရတယ်။ နောက် ရေကဘယ်လောက်ထိနေမှာလဲ (ဘယ်လောက်များများနဲ့ ဘယ် လောက်ကြာကြာ ရေရှိနေမလဲ)ဆိုတာတွေ တွက်ရတယ်။ မြန်မာနိုင်ငံက ရေနက်ကွင်းတွေ အများစုက နှုံးများတယ် ဒီလိုနေရာမှာ ပုံမှန်ငါးမျိုးတွေ မွေးလို့မရဘူး။ နှုံးထဲနေတဲ့ ငါးတွေမွေးရတယ်။ အဲ့ငါးတွေကျတော့လည်း ငါးရံ့၊ ငါးခူ စတာတွေဆိုတော့ စပါးစိုက်ရင် ထိခိုက်မှုက ရှိပြန်ရော ဒါတွေကိုတွက်ရတယ် ” လို့ ရှင်းပြပါတယ်။

ဟိုလို လုပ်ပါလား၊ဒီလို လုပ်ပါလား ၊ ငါ့ကြောင့် မဟုတ်ဘူးစစ်ခေါင်းဆောင်ကတော့ ဧရာဝတီတိုင်းမှာ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးမှုနည်းတဲ့ ဆီထွက်သီးနှံတွေဖြစ်တဲ့နေကြာ၊ မြေပဲ၊ နှမ်းတွေကို ပိုစိုက်ဖို့ ဆိတ်နဲ့ နွားတွေကို ပိုမိုမွေးမြူကြဖို့ ဒါမှသာ ဝင်ငွေတိုးတက်လာမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

“ပြောလိုက်ရင် လယ်သမားတွေအတွက် လယ်သ
မားတွေ အတွက်နဲ့။ မဖြစ်နိုင်တာတွေ သူတို့လုပ် ပေးတာလည်းမဟုတ်ပဲနဲ့ လျှောက်လျှောက်ပြော။

လယ်သမားတွေ အတွက်ဆိုရင် အခု စစ်မှုထမ်း ထောက်ပံ့ကြေး ကောက်နေတာတွေ ရပ်။ ခိုင်မာတည်ငြိမ်တဲ့ ဈေးကွက် တခုလုပ်ပေး။ သွင်းအားစုတွေကို အလွယ်တကူနဲ့ လိုအပ်သလောက် ဝယ်နိုင်အောင် လုပ်ပေး။ အဲ့ဒါတွေ လုပ်ပေးရုံနဲ့တင် လယ်သမားတွေက ဦးကုန်းချနေမှာ ” လို့ ကိုထွန်းက ပြောပါတယ်။

ဒါပေမယ့် ဧရာဝတီတိုင်းက လယ်သမားတွေ အခက်အခဲတွေနဲ့ကြုံနေရတာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မှားယွင်းမှုတွေကြောင့် မဟုတ်ဘဲ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးကြောင့်လို့ စစ်ခေါင်းဆောင်က စွပ်စွဲထားပါတယ်။

ကိုနိုင်ကတော့ ဒီစွပ်စွဲမှုကို လက်မခံပါဘူး။

“ခုလယ်သမားတွေ ကြုံနေရတဲ့ ကိစ္စတော်တော်များများဟာ နယ်မြေမတည်ငြိမ်လို့ ဆိုပြီးပြောသွားတာလည်း ရှိတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းက ၂၀၂၅ မတိုင်ခင်ထိ တည်ငြိမ်နေတာပဲလေ။ ဒါပေမယ့် လယ်သမားတွေရဲ့ ဘဝက ၂၀၂၃ မိုးစပါးကတည်းက မတည်ငြိမ်တော့တာ။ စစ်မှုထမ်း ထောက်ပံ့ကြေးပေးရတယ်၊ စစ်မှုထမ်းဖို့အတင်းဆွဲ(ပေါ်တာ) ခံရတယ်၊ စပါးဈေးကွက်ကျတယ်၊ လူငယ်တွေ လယ်သမားတွေ စပါးစိုက်ဖို့ထက် စစ်မှုမထမ်းရဖို့ ရုန်းကန်ကြရတယ် ” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဒီလိုစွပ်စွဲမှုတွေနဲ့အတူ စစ်ကော်မရှင် လုပ်မယ့် အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ NLD မပါဝင်တဲ့ ရွေးကောက်ပွဲကသာလျှင် ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ဘဝတွေကို ယူဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ပြောထား ပြန်ပါသေးတယ်။

“မိမိတို့ အနေဖြင့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကိုယ်စား လှယ်များသည် ဒို့တာဝန် အရေးသုံးပါးကို အလေး ထား စောင့်ထိန်းသူဖြစ်ရန်လိုကြောင်း၊ ရွေးကောက် ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် ရွေးကောက် ပွဲ အောင်မြင်စေရေး အားလုံး ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြ စေလိုကြောင်း”ပြောခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မစိုးကတော့ “သူပြောသွားတဲ့ စကားတွေကို ကြည့်လိုက်ရင် ဧရာဝတီတိုင်းက လယ်သမားတွေက အသုံးမကျလို့ ဆိုတဲ့ပုံစံမျိုး၊ လယ်သမားတွေသာ အသုံးကျရင် ဧရာဝတီတိုင်းဟာ ထိပ်ဆုံးမှာရှိနေမယ် ဆိုတာမျိုး ပြောသွားတာ။ တကယ်က သူလုပ်မယ့် ရွေးကောက်ပွဲကို ပရိုမိုးရှင်း ဆင်းတာပဲ။ သူ့ရွေးကောက်ပွဲကို အောင်မြင်အောင် လုပ်ချင်တယ်၊ နောက် နိုင်ငံခြားငွေလိုချင်တယ် အဲ့ဒါကို ဧရာဝတီတိုင်းရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဘာညာဆိုပြီး လယ်သမားတွေကို စော်ကားတဲ့ အပြောအဆိုမျိုးတွေ ပြောသွားတာ။ သူ့ကြောင့် ဖြစ်လာတဲ့၊ သူ့ကြောင့် နိမ့်ကျသွားရတဲ့ ဘဝတွေကို သူက အပြစ်ပြောနေတာ ” လို့ မှတ်ချက်ပြုပါတယ်။

ဒီမှတ်ချက်ကို လယ်သမားအရေးတွေ ကူညီဆောင် ရွက်နေတဲ့ ကိုနိုင်ကလည်း ထောက်ခံထားပါတယ်။ ဧရာဝတီတိုင်းဟာ ၂၀၂၅ ခုနှစ်မှာမှ ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိလာခဲ့တာဖြစ်ပြီး ဒါဟာလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ဧရိယာတွေမှာပဲ ရှိနေတာပါ။

ဒါကိုအကြောင်းပြပြီး လယ်သမားတွေကို လယ်အလုပ် မလုပ်နိုင်လောက်အောင် စစ်မှုထမ်းရမယ်၊စစ်မှုထမ်း ထောက်ပံ့ရမယ် ဆိုတာမျိုး၊ လယ်ယာထွက်ကုန်တွေ ဈေးကျသထက် ကျလာပြီး စိုက်ပျိုးစရိတ်တွေက မြင့်သထက် မြင့်လာတာမျိုး၊ လောင်း ကစားဝိုင်းတွေ ပေါများလာတာမျိုး၊ အခုရွေးကော က်ပွဲ အတွက်လည်း မဲစာရင်း အမှားတွေကို ပြည်သူက ပြင်ဆင်ပေးဖို့ တာဝန်ရှိတယ်ဆိုတာမျိုး ပြောဆိုလုပ်ကိုင် အုပ်ချုပ်နေတာတွေဟာ အပြောနဲ့ အလုပ် တခြားစီဖြစ်နေတယ်လို့ သူက ထောက်ပြထားပါတယ်။

“တကယ်တော့ ဒီစကားတွေက ဟိုးအရင် နဝတ၊ နအဖ (စစ်အစိုးရ) လက်ထက်တုန်းကလည်း ပြောပါတယ်။ သူတို့ ဘာမှသိတာလည်း မဟုတ်ပဲနဲ့ ဟိုလို လုပ်ပါ၊ ဒီလိုလုပ်ပါ ပေါ့။ လယ်သမားတွေအတွက် အရေးကြီးဆုံးက ဈေးကွက်ပဲ။ သူတို့ပြန်လည်စိုက်ပျိုးနိုင်တဲ့ ဈေးကွက်မရှိပဲ၊ မလုပ်ပေးပဲနဲ့ ဒီတိုင်းလျှောက်ပြော နေတာတွေက သူတို့ လိုဘအတွက်ပဲ လယ်သမားတွေအပေါ် စေတနာရှိလို့ မဟုတ်ဘူးဆိုတာ ရှင်းပါတယ် ” လို့ မှတ်ချက်ပြုပါတယ်။