ဧရာဝတီတိုင်းအတွင်း ရွေးကောက်ပွဲအတွက် ဘယ်ပါတီတွေ လှုပ်ရှားနေကြပြီလဲ

“ ဟင်္သာတခရိုင်နဲ့ ဆက်စပ်နေရာတွေမှာ ကြံ့ခိုင်ရေးနဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပီသုံးလုံး ပါတီရုံးတွေပဲ များပါတယ်။ တ.စ.ည လိုပါတီတောင်မှ ရုံးပြန်မဖွင့်သေးတဲ့နေရာတွေ အများကြီးပဲ။

၁၆၊ အောက်တိုဘာလ။

စစ်ကော်မရှင်ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရမယ့် ဒီလ ၂၈ ရက်နေ့ မတိုင်မီကတည်းက ဧရာဝတီတိုင်းအတွင်းမှာ နိုင်ငံရေးပါတီတချို့က ကြိုတင်လှုပ်ရှားမှုတွေ လုပ်နေတာ ရှိနေပါတယ်။

လက်တလော လှုပ်ရှားမှုတွေအရ မဲဆွယ်စည်းရုံးရေး ကာလအတွင်းမှာ ကြံ့ခိုင်ရေးပါတီ နဲ့ ပြည်သူ့ရှေ့ဆောင် ပါတီတွေက ဧရာဝတီတိုင်းအတွင်းမှာ လှုပ်ရှားမှုတွေ အရှိန်မြှင့်လာနိုင်တယ်လို့ နိုင်ငံရေးနဲ့ နီးစပ်တဲ့ ဒေသခံတချို့က သုံးသပ်ပါတယ်။

“တကယ်က ကော်မရှင်က ဘာမှ မပြောခင်ကတည်းက ဒီပါတီနှစ်ခုက မဲဆွယ်နေတာ။ ကြံ့ခိုင်‌ရေးကတော့ ပေါ်တင်ပေါ့။ ပီသုံးလုံးကတော့ အလှူလုပ်တာလိုလို ဘာလိုလိုနဲ့ ဆန်တွေ ဝေတာတွေ လုပ်နေတာတွေရှိတယ် ” လို့  ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ မော်လမြိုင်ကျွန်းမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က မဲဆွယ် စည်းရုံးရေးကာလကို လာမယ့် အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ လို့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်လိုက်ကြောင်း ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှ ထုတ်ပြန်ထားပါတယ်။

“ ဟင်္သာတခရိုင်နဲ့ ဆက်စပ်နေရာတွေမှာ ကြံ့ခိုင်ရေးနဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပီသုံးလုံး ပါတီရုံးတွေပဲ များပါတယ်။ တ.စ.ည လိုပါတီတောင်မှ ရုံးပြန်မဖွင့်သေးတဲ့နေရာတွေ အများကြီးပဲ။ ဦးကိုကိုကြီးတို့ ပါတီလည်း ပီသုံးလုံး လောက်လုပ်တာ မတွေ့ရဘူး။ မလုပ်နိုင်တာလည်း ဖြစ်ရင် ဖြစ်မှာပေါ့ ” လို့ ဟင်္သာတမြို့နယ်က လယ်သမားအ‌ရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက ဆိုပါတယ်။

စစ်တပ်ရဲ့ ကျောထောက်နောက်ခံနဲ့ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီကတော့

စစ်ကော်မရှင်က ရွေးကောက်ပွဲပြုလုပ်မယ်လို့ အတည်ပြုပြီးနောက် ၂၀၂၃ ခုနှစ်ကတည်းက ပါတီစည်းရုံးရေး လုပ်ငန်းတွေ ဆက်တိုက်လုပ်ဆောင်နေ၊ လုပ်ဆောင်ခွင့်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပြီး ရွေးကောက်ပွဲ ကာလကြေညာပြီးနောက်ပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီရုံးတွေ လိုက်ဖွင့်နေတာဖြစ်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ခေါင်းဆောင်ဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၅ ခုနှစ်တုန်းက NLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ပါတီက ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၉ ခုနှစ် အောက်တိုဘာလမှာ ပြည်သူ့ရှေ့ဆောင်ပါတီကို စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။သူမဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကို ထောက်ခံခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ နိုင်/ကျဉ်းတွေ မဟုတ်ဘူးလို့ ယူဆထားသူလည်း ဖြစ်ပါတယ်။

ဒီပါတီနှစ်ခုစလုံးဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။