ပုသိမ်ထီးလုပ်ငန်း ကျွမ်းကျင်လုပ်သားနဲ့ ကုန်ကြမ်းရှားပါးနေ

“လက်ရှိအနေအထား တိုင်းဆိုရင်တော့ ပုသိမ်ထီးလုပ်ငန်းက ဆက်ပြီး ရှိနေမယ်။ ဒါပေမယ့်  အိမ်နီးချင်း နိုင်ငံ တွေက ထုတ်တဲ့ ရိုးရာထီးတွေနဲ့ ယှဉ်ရင် Quality နိမ့်နေမယ်”

၁၄ ၊အောက်တိုဘာ

ဧရာဝတီတိုင်း ပုသိမ်မြို့က နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ပုသိမ်ထီးလုပ်ငန်းဟာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လူငယ်လုပ်သား အရင်းအမြစ်နဲ့ ဝါးကုန်ကြမ်းရှားပါးတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

“လုပ်ငန်းမှာ အဓိကကျတဲ့ ဝါးနဲ့သစ် ထွက်တဲ့ သာပေါင်း နဲ့ ရွှေသောင်ယံဘက်မှာ တိုက်ပွဲတွေ ဖြစ်တော့ လမ်း ကြောင်း တေွ ပိတ်တယ် တောထဲက ခုတ်ချိန်ကျလို့ ခုတ်ထားတဲ့ သစ်နဲ့ ဝါးတွေ သယ်လို့မရဘူး ကိုယ်ပိုင်စိုက် ထားတဲ့ ကြိုဝယ်ထားတဲ့ ဝါးနဲ့သစ်တွေ ဆုံးရှုံးကုန်တယ်” လို့ ပုသိမ်ထီးလုပ်ငန်းရှင် တဦးက DNA ကို ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ် တောင်ဘက်စွန်းက ဂွမြို့ကို ဆုံးရှုံးရပြီးနောက်ပိုင်းမှာ စစ်တပ်အနေနဲ့ ဧရာဝတီတိုင်းအတွင်း နယ်မြေတချို့ကို ဒီနှစ်ဆန်းပိုင်းမှာ ဆုံးရှုံးခဲ့ရပါတယ်။ ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမ တောင်ခြေဧရိယာတွေဟာ ပုသိမ်ထီးလုပ်ငန်းမှာ အဓိက အရေးပါတဲ့ ဝါးထွက်ရှိရာ ဧရိယာတွေ ဖြစ်ပါတယ်။

“ထီးလုပ်ငန်းမှာ လိုအပ်တဲ့ ဖျင်စ နဲ့ ဆေးအပါအဝင် တခြားကုန်ကြမ်း ပစ္စည်းစျေးနှုန်း ကလည်း အရင်ကထက် သုံးဆလောက် မြင့်တက်သွားတယ်။ အဲတော့ လုပ်ငန်းဟန်မပျက် ရပ်တည်နိုင်ရေးအတွက်ပဲ လုပ်နေကြရတယ် “ လုပ်ငန်းရှင်က ပြောပါတယ်။

ဒါ့အပြင် ကျွမ်းကျင်လုပ်သားတွေက အသက်ကြီးလာပြီး လုပ်ငန်း က အနားယူလာတာရယ် လူငယ်မျိုးဆက်တွေက စိတ်ဝင်စားမှု နည်းလာတာတွေရယ်ကြောင့် ကျွမ်းကျင် လုပ်သားရှားပါးလာတဲ့ အခက်အခဲတွေ နဲ့ တွေ့ကြုံနေ ရတာပါ။ စစ်မှုထမ်းဥပဒေကြောင့်လည်း လူငယ်အများအပြားဟာ နေရပ်စွန့်ခွာ အလုပ်လုပ်ကြရတဲ့ အခါမှာ ဒေသတွင်းလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ၊ အထူးသဖြင့် လက်မှုလုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သား လူငယ်တွေ မွေးထုတ်နိုင်ဖို့ ခက်ခဲလာနေကြတာ ဖြစ်ပါတယ်။

ပုသိမ်ထီး ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းဟာ အခုလို ပွင့်လင်းရာသီမှာ ပြည်တွင်းဝယ်လိုအား ရှိပေမယ့် ပုသိမ်မြို့နဲ့ ပင်လယ် ကမ်းခြေဒေသ ကို ပြည်တွင်း/ ပြည်ပ ခရီးသွားတွေ လာရောက်တာ အရင်ကထက် နည်းသွား တာကြောင့် ဧည့်သည်တွေရဲ့ ပုသိမ်ထီး လက်ဆောင် ဝယ်ယူမှုလည်း လျော့ကျလာပါ တယ်၊။ ဒါ့အပြင် ပြည်ပက ထီးအကြီး (ဟိုတယ်ထီး)တွေ အမှာရှိပေမယ့် ထီးလုပ်ရာမှာ အဓိကကျတဲ့ တောင်သရက်သစ် အမျိုးအစား ရရှိတဲ့‌ ဒေ သမှာ တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် သယ်ယူဖို့ ခက်ခဲပြီး Export ထီးတွေ တင်ပို့ တာ မလုပ်နိုင် တော့ပါဘူး။

“လုပ်ငန်းက ဝင်ငွေမကောင်းတော့ မဖွံ့ဖြိုးဘူးပေါ့။ လုပ်ငန်းဖွံ့ဖြိုးတယ် လုပ်အားခကလည်း ခေတ်နဲ့လျော်ညီတဲ့ လုပ်အားခ ရတယ်ဆိုရင် လူငယ်မျိုးဆက်တွေ စိတ် ဝင်စားပြီး လုပ်လာကြလိမ့်မယ်။ ကျွမ်းကျင်တဲ့ လုပ်သားတွေ ပေါ်ထွက်လာမယ်” ပုသိမ်ထီးပညာရှင်တဦးက သုံးသပ်ပါတယ်။

အလှဆောင်းထီး တလက် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ကျပ် ၆၀၀၀ ဝန်းကျင်ဖြစ်ကာ အရောင်းဆိုင်တွေကို ဖေါက်သည်သွင်း ရတဲ့ ဈေးနှုန်းက ကျပ် ၇၅၀၀ ဖြစ်ပါတယ်။ ကျွမ်းကျင် ထီးလုပ်သား တဦးရဲ့ တနေ့တာ ပျမ်းမျှ လုပ်အားခက ကျပ် ၁၀၀၀၀ ကျော် ဝန်းကျင် ရရှိပါတယ်။

ရောင်းရငွေရဲ့ လေးပုံသုံးပုံ ကအရင်းဖြစ်နေကာ ကုန်ကြမ်းဈေးက ၃ ဆလောက်တက်ပြီး ကုန်ချော ရောင်းဈေးက အကျိုးအမြတ် နည်းပါးနေပါတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကုန်ကြမ်းပစ္စည်းတွေ ဈေးမြင့်တက်တာကြောင့် ထုတ်လုပ်တဲ့အခါ ထုတ်လုပ်မှုစရိတ် လျော့ချရတဲ့အတွက် ကုန်ချောပစ္စည်းရဲ့ အရည် အသွေး(Quality) ကျလာ တယ်လို့ ပုသိမ်ထီး ပညာရှင်ကရှင်းပြပါတယ်။

“လက်ရှိအနေအထား တိုင်းဆိုရင်တော့ ပုသိမ်ထီးလုပ်ငန်းက ဆက်ပြီး ရှိနေမယ်။ ဒါပေမယ့်  အိမ်နီးချင်း နိုင်ငံ တွေက ထုတ်တဲ့ ရိုးရာထီးတွေနဲ့ ယှဉ်ရင် Quality နိမ့်နေမယ်” လို့ သူကပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ ပုသိမ်မြို့က လူငယ်တွေဟာ ပုသိမ်ထီးလုပ်ငန်းတွေမှာ လုပ်တာထက်

ဝင်ငွေပိုအဆင်ပြေတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ အဆောက်အဦး ဆောက်လုပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်လာကြပြီး ပုသိမ်ထီးလုပ်ငန်းကို မိရိုးဖလာ မိသားစုအလိုက် လက်ဆင့်ကမ်း လုပ်ကိုင်ကြသူ အနည်းငယ်သာ ရှိနေပါတယ်။

ပုသိမ်ထီးတလက်ဖြစ်ဖို့အတွက် ဝါးခွဲပြီး ထီးကိုင်းလုပ်တာကနေ အချောထည်ဖြစ်ဖို့အထိ အဆင့် ၄၀ ကျော် လုပ်ကိုင်ကြရပါတယ်။ အခုအခါ ပုသိမ်မြို့မှာ အလှဆောင်းထီး၊ အလှဆင်ထီး၊ သီလရှင်ဆောင်းထီး၊ ရဟန်း သံဃာဆောင်းထီး နဲ့ ဟိုတယ်ထီး အရွယ်အစားစုံ ၁၃ မျိုးကို ပုသိမ်ထီးအလုပ်ရုံကြီး ၅ ရုံ နဲ့ တနိုင်တပိုင် မိသားစု အလုပ်ရုံသေး ၁၀ရုံကနေ ထုတ်လုပ်နေပါတယ်။