အကျဉ်းကျ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကျဉ်းထောင်ဥပဒေ


ဧရာဝတီတိုင်းထဲက အကျဉ်းထောင်တခုမှာ ထောင်/အချုပ်ကျခံနေရတဲ့ ကိုယ်ဝန်ဆောင် နိုင်/ကျဉ်း အမျိုးသမီးတဦးဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် အာဟာရပြည့်မီအောင် စားသောက်ရခြင်း မရှိဘူးလို့ ကာယကံရှင်က DNA ကိုပြောပါတယ်။

၁၈၊စက်တင်ဘာလ။

အကျဉ်းထောင်အတွင်းမှာ ထောင်ချုပ်နဲ့ အမှုရင် ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ DNA က အဆက်အသွယ်ရခဲ့ပေမယ့် သူ့ရဲ့လုံခြုံ ရေးအရ နာမည်နဲ့ ဘယ်ထောင်မှာ အချုပ်ကျပြီး အမှုရင်ဆိုင်နေရတယ် ဆိုတာကိုတော့ ချန်လှပ်ထားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အကျဉ်းထောင်နဲ့ သက်ဆိုင်တဲ့ ဥပဒေတွေမှာ ကိုယ်ဝန်ဆောင်တွေနဲ့ပတ်သက်ပြီး ဘယ်လို တွေသတ်မှတ်ပြဌာန်းထားလဲဆိုတာကို အကျဉ်း ထောင်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

🔹 မေး – အကျဉ်းထောင်မှာ ကိုယ်ဝန်ဆောင် အမျိုး သမီးတွေနဲ့ ပတ်သက်လို့ ဘယ်လို သတ်မှတ် ချက်တွေရှိလဲ။

ဖြေ – ကိုယ်ဝန်ဆောင်အမျိုးသမီးလို့ ပြောရင် သေ ဒဏ် ချမှတ်ခံထားရတဲ့သူ ဖြစ်ရင်တောင်မှ သူက ကိုယ်ဝန်ဆောင်ထားတယ်ဆိုရင် သေဒဏ်အတည်ပြုမိန့်ချလို့ မရဘူး။ တနည်းအားဖြင့် သူ့ကို ကြိုးပေးစီရင်လို့ မရဘူး။ ကိုယ်ဝန်ဆောင်ကာလ ကျော် လွန်သွားပြီးတော့မှ မွေးဖွားပြီး အဲ့ဒီကလေးက ၅ နှစ်ကျော်ပြီးမှပဲ သူ့ကို သေဒဏ်စီရင်မယ်ဆို စီရင်လို့ရတယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်ရှိတယ်။ ဒါကတခု။ နောက်တခုက ထောင်တွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ ဥပဒေအခွင့်အရေးက ဘာရှိလဲဆိုတော့ ဒီဆေးဝါးကုသမှု အလုံအလောက် သူတို့ပေးရမယ်။ မိခင်အတွက်ရော ကလေးအတွက်ရောပေါ့။

🔹မေး -ဆေးဝါးကုသဖို့၊ကျန်းမာရေးစောင့်ရှောက် ဖို့အတွက်က ဘယ်သူတွေတာဝန်ယူတာလဲ။ အစိုးရပဲလား။

ဖြေ – ဟုတ်ကဲ့။ ဆေးဝါးအလုံအလောက် ရနိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းရှိတယ်။ တကြောင်းကကျတော့ အကျဉ်းဦးစီးဌာနကနေရတဲ့ ဆေးပါ။နောက်တခုက မြန်မာနိုင်ငံကြက်ခြေနီကော်မတီကနေမှ ဖြည့်ဆည်းပေးတဲ့ ဆေးဝါးဖြည့်ဆည်းမှု။ နောက်တခုကတော့ ICRC လို့ခေါ်တဲ့ အပြည်ပြည်
ဆိုင်ရာ ကြက်ခြေနီကနေမှ ပေးတဲ့ ဆေးဝါးဖြည့်တ င်းမှုပေါ့ သူကတော့ အများဆုံးပဲ။ သူက ဆေးဝါးတင် မဟုတ်ဘူး အစားအစာကိုပါ ဖြည့်ဆည်းပေးတာ။ ကိုယ်ဝန်ဆောင်တွေ အတွက်တင် မဟုတ်ဘူး ကျန်တဲ့ နာတာရှည်တွေ အတွက်ရောပေါ့။

🔹 မေး – ဒါဆို ဥပဒေအရတော့ ကာကွယ်မှုရှိတယ် ပေါ့။

ဖြေ – ကိုယ်ဝန်ဆောင် မိခင်တွေသည် တကယ်ကို အပြည့်အဝကို ဥပဒေအရ အကျဉ်းထောင် အက်ဥပ ဒေတွေ၊ နည်းဥပဒေတွေအရ အပြည့်အဝ ဆေး ဝါးကုသမှု နောက်တခါ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝခံယူနိုင်တဲ့ ပြဌာန်းချက်တွေ ရှိပါတယ်။

ပြီးတော့ ကလေးမွေးသွားပြီဟေ့ဆိုရင်လည်း ကလေးအသက် ၅နှစ်ပြည့်သည်အထိ မိခင်နဲ့အတူ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရှိတယ်။ အဲ့ဒီကလေးရဲ့ကျန်းမာရေးအတွက်လည်းပဲ အကျဉ်းဦးစီးဌာနက တာဝန်ယူပေးရမယ်ဆိုတဲ့ ပြဌာန်းချက်ရှိတယ်။ ၆ နှစ်ပြည့်တဲ့အခါ ပြင်ပက သားချင်းဆွေမျိုးတွေ တောင်းခံတာပဲဖြစ်ဖြစ် မတောင်းခံဘူးဆိုရင်လည်း ကလေးဟာ အကျဉ်းထောင်ထဲမှာ မိခင်နဲ့အတူတူနေခွင့်ရှိတယ်။ ကလေးအတွက်လည်းပဲ အကျဉ်းထောင်ကနေပြီးတော့မှ လိုအပ်တာတွေ အကုန်လုံး ကျောင်းထားပေးတာအထိ ဌာနကနေ စီမံဆောင်ရွက်ပေးရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်တွေ ညွှန်ကြားချက်တွေရှိပါတယ်။

🔹 မေး – အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေအနေတွေ အများကြီးပြောင်းသွားတာကို ကျွန်တော်တို့ ကြားကြရ မြင်ကြရတယ်ပေါ့။ ဆိုတော့ ဘာကြောင့် ဒီလိုပြောင်းလဲသွားတာလို့ မှတ် ချက်ပြုချင်လဲ။

ဖြေ – ဒီရဲ့နောက်ပိုင်းမှာ အကျဉ်းဦးစီးဌာနမှာ အမိန့်ပေးနိုင်တဲ့သူတွေက အကျဉ်းဦးစီးဌာနရဲ့ သန္ဓေဝန်ထမ်းတွေ မဟုတ်တော့ဘူး။ တပ်မတော်ကနေ အသွင်ကူးပြောင်းပြီးလာတဲ့သူတွေကများတယ်။ နောက်တခါ သူတို့လက်အောက် မှာရှိတဲ့သူတွေကလည်း ပွင့်ပွင့်လင်းလင်းပြောရင် အငယ်တန်းတွေ၊ ဂျူနီယာတွေပေါ့။ သူတို့ကျတော့လည်း ဥပဒေကို ပြည့်ပြည့်ဝဝ မသိကြပြန်ဘူး။ ဖတ်လည်းမဖတ်ကြတော့ တချို့ ကမောက်ကမ ဖြစ်မှုတွေက ဒါတွေကြောင့်ဖြစ်တာပဲ။

🔹 မေး – အကျဉ်းထောင် ဥပဒေတွေမှာ အားနည်း ချက်ရှိနေတာရော မဖြစ်နိုင်ဘူးလား။

ဖြေ – အကျဉ်းထောင်လက်စွဲ ဥပဒေသည် မြန်မာ နိုင်ငံမှာ လက်ညှိုးထိုး အပြစ်ပြောလို့ မရအောင် ပြည့်စုံတယ်။ တကယ်ကောင်းမွန်တဲ့ ဥပဒေဖြစ်တယ်။ ဟိုတုန်းက အကျဉ်းထောင်ဥပဒေနဲ့ အကျဉ်း သား အချုပ်သားတွေရဲ့ ကျန်းမာရေးအပါအဝင် အခွင့်အရေးတွေကို အင်မတန် အလေးထားခဲ့တယ်။ အခုနောက်ပိုင်းကျတော့အကြောင်းကြောင်း တွေကြောင့် ၁ အချက်က အသွင်ကူးပြောင်းပြီးတော့ တာဝန်ထမ်းဆောင် လာတဲ့သူတွေက ဥပဒေကို နားမလည်တာ နောက်တခါ တကယ်ဥပဒေကို နားလည်တတ်ကျွမ်းပြီး ပြောနိုင်ဆိုနိုင်တဲ့သူတွေ မရှိတော့တာကြောင့် ဒီလိုချို့ယွင်းလာတာဖြစ်နိုင်ပါတယ်။

🔹 မေး – နည်းနည်းထပ်ရှင်းပြလို့ရမလား။

ဖြေ – ဒီနေရာမှာ အ‌ရေးကြီးတာက အကျဉ်းထောင် ထဲမှာ အမိန့်ပေးနိုင်တဲ့သူက အကျဉ်းထောင် ဥပဒေ၊ နည်းဥပဒေတွေကို မသိဘူး။ ဥပဒေကို သိတယ် နားလည်တဲ့သူတွေက မရှိဘူး။ နောက်တခါ အကျဉ်းထောင်ဝန်ထမ်းစစ်စစ်တွေက အမိန့်ပေးသူတွေ မဟုတ်နေဘူး။ အသွင်ပြောင်းလာသူတွေက အမိန့်ပေးနေတာ ဖြစ်တယ်။ ဒါက အရေးကြီးဆုံး အချက်ပဲ။ အခုဆိုထောင်ထဲထိဝင်ပြီး သေနတ်နဲ့ပစ်တာ၊ ရိုက်တာ၊ နှက်တာတွေ ဒါတွေဟာ အကျဉ်း ထောင် ဥပဒေမှာ လုံးဝခွင့်ပြုထားတာ မဟုတ်ဘူး။ လုံးဝ မလုပ်ရတဲ့ အလုပ်တွေပဲဖြစ်တယ်။

ဥပဒေက သိပ်ကောင်းတယ်။ လိုက်နာရမယ့်သူတွေက မလိုက်နာတာက ဆိုးတာ။

🔹 မေး – အကျဉ်းထောင်လို့ပြောလိုက်ရင် လူတွေက အကျဉ်းထောင်ဝန်ထမ်းတွေက ဆိုးနေတယ်လို့ မြင်ကြတာများတယ်။ ဒါနဲ့ပတ်သက်လို့ ပြောပြချင်တာများရှိမလား။

ဖြေ – မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်သမိုင်းမှာ အကျဉ်းထောင် ဥပဒေကို တိတိကျကျ လိုက်နာခဲ့ကြတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေရှိခဲ့တယ်။ သူတို့တွေလည်း အလုပ်ရပ်ဆိုင်းခံရတာတွေ၊ ထောင်ကျတာတွေ ဖြစ်ကုန်ကြတာပဲ။ ထင်ရှားတဲ့သူတွေရှိတယ် ၁၉၆၂ မတ်လ ၁ရက်နေ့တုန်းက တော်လှန်ရေးကောင်စီ တက်လာတော့ ဦးနုတို့ ဘာတို့အကုန်ဖမ်းပြီး အင်းစိန်ထောင်ကို သွားအပ်တော့ အဲ့တုန်းက ထောင်ပိုင်ကြီးက အရွေးချယ်ခံတန်း ထောင်ပိုင်ဝန် ဦးဘထွန်း။ ဦးဘထွန်းက ဘာပြောလဲဆိုတော့ အကျဉ်းထောင် အက် ဥပဒေမှာတဲ့ ထောင်ဖွင့်ချိန်နဲ့ ထောင်ပိတ်ချိန်အကြား ထောင်တံခါးကို လုံးဝမဖွင့်ရဘူးလို့ပါထားတယ်တဲ့ ခင်ဗျားတို့လာအပ်တာ ထောင်ပိတ်ပြီးနေပြီ ၊ ထောင်လည်း မဖွင့်သေးဘူး ဒါကြောင့် လက်မခံနိုင် သေးဘူးဆိုပြီး ပြောခဲ့တာကြောင့် သူ့ကို အငြိမ်းစားပေးလိုက်တယ်။ နောက် တခုက ၁၉၈၈ မှာ အာဇာနည်နေ့မှာ ဆန္ဒပြကြတဲ့ အထက်တန်းကျောင်းသားလေးတွေကို အင်းစိန် ထောင်ကို ပို့တော့ အဲ့တုန်းက ထောင်ပိုင်ကြီးက ဦးစိန်ဌေး ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိတယ်။ သူက သူ့အကျဉ်းထောင်မှာ ကလေးသူငယ် အက်ဥပဒေအရ အသက်မပြည့်သေးတဲ့ ဒီကလေးတွေကို လက်ခံလို့မရဘူးလို့ ပြောခဲ့တယ်။ အဲ့ဒါနဲ့ သူဟာ ရာထူးကျပြီး စီအိုင်ဒီမှာ ထိန်းသိမ်းခံလိုက်ရတယ်။

ဥပဒေက အပြည့်အစုံရှိတယ်။ အကျဉ်းထောင် အက်ဥပဒေတို့ နည်းဥပဒေတို့ဆိုတာ စေ့နေအောင် ကောင်းတဲ့ ဥပဒေဖြစ်တယ်။ တကယ်ဥပဒေအတိုင်းလိုက်နာမယ့် အမိန့်ပေးသူတွေ ရှိဖို့ပဲလိုတာ။

🔹 မေး – လက်ရှိ အကျဉ်းထောင်ရဲ့ Non တွေထဲမှာ ဒီလိုကိစ္စတွေကို ပြောတဲ့ ဆိုတဲ့သူတွေ ရှိလား။ ကြားမိလား။

ဖြေ – ပြန်သိရသလောက်ကတော့ တင်ပြကြသူတွေရှိတယ်။ ရှိပေမယ့်လည်း နစ်နာမှုတွေက လျော့ပါးမသွားဘူး။ နစ်နာကြသူတွေက နစ်နာမြဲ နစ်နာနေကြတုန်းပဲ။

🔹 မေး – အကျဉ်းထောင်ဝန်ထမ်းဟောင်းအနေနဲ့ ကိုယ်ဝန်ဆောင်အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေရှိဖူးလား။ ပြောပြပေးလို့ရမလား။

ဖြေ – အရင်တုန်းက ၅ နှစ်မပြည့်သေးတဲ့ ကလေးတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက လက်ဆွဲပြီး အပြင်က မူကြိုကို လိုက်ပို့ပေးခဲ့ရတဲ့ အချိန်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ဘယ်တော့ မွေးတော့မှာလည်းဆိုပြီး အရိပ်တကြည့်ကြည့်နဲ့ လုပ်ပေးခဲ့တဲ့ အချိန်တွေဆိုတာ အကျဉ်းထောင်ဥပဒေကို သေသေချာချာ လိုက်နာခဲ့တဲ့ အချိန်တခု တကယ်ရှိခဲ့ဖူးပါတယ်။