အင်္ဂပူမှာ မူးယစ်ယမ်းကားနေတဲ့ စစ်သားနှစ်ဦးကို မထိန်းနိုင်လို့ စစ်တပ်ကလိုက်လာပြီး ပစ်သတ်မှုဖြစ်

“ဂွေးတောက်ကွင်းကို လှမ်းပြောတယ်။ဒီမှာဒီလိုဖြစ်နေလို့ သတင်းပို့တော့ ဂွေးတောက်ကွင်းက လာမဖမ်းဘူး ။ ဘဲ့ပြားကုန်းက စစ်ခွေးတွေကို ပြောလည်းပြောရော လာပြီးတော့ ပစ်သတ်သွားတယ်”

၉၊စက်တင်ဘာ။

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် အတွင်းက ဘုရားကုန်းကျေးရွာကို စက်တင်ဘာ ၇ ရက် ည ၈ နာရီခန့်မှာ အရက်မူးနေတဲ့ စစ်သားနှစ်ဦး ရောက်လာခဲ့ပြီး အော်ဟစ်ဆဲဆိုတာ၊ရွာခံအမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်ရမ်းကားတာတွေ လုပ်နေလို့ ရွာက စစ်တပ်ကို ဖုန်းဆက်အကြောင်းကြားရာမှာ အရာရှိတွေ ရောက်လာခဲ့ပြီး သူတို့လူတွေကို ထိန်းမရတဲ့အတွက် ပစ်သတ်သွားခဲ့ပါတယ်။

“သူတို့က ရွာဝက အရက်ဆိုင်မှာ အရက်တသောင်းခွဲဖိုး ဝယ်သောက်တယ်။ပြီးတော့ ရွာဝကတည်းက ပစ်ခတ်လာတာ ၊ ကျွန်းပင်တွေကအစ အကုန်လျှောက်ပစ်တာ”လို့ ဘုရားကုန်းကျေးရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။

ဘုရားကုန်းကျေးရွာက လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ် အစပ် ၊ ပိန္နဲကွင်းကျေးရွာ ၊ တိုင်တရာဘုန်းကြီးကျောင်း အနီးမှာ ရှိပါတယ်။ကွင်းကောက်မှာ တတက ၅ စစ်သင်တန်းကျောင်းနဲ့ ၇ မိုင်ခန့် အကွာမှာ ရှိပြီး ဘုရားကုန်းရွာ အနီး ဘဲ့ပြားကုန်း၊ဂွေးတောက်ကုန်းစတဲ့ ကျေးရွာတွေမှာလည်း ရှေ့တန်းစခန်းတွေ ရှိနေပါတယ်။ ဘုရားကုန်းကျေးရွာထဲကို ဝင်လာပြီး မူးယစ်ယမ်းကားတဲ့ စစ်သားနှစ်ဦးက ဘယ်တပ်ရင်းတွေက ဆိုတာကိုတော့ DNA အနေနဲ့ စုံစမ်းဆဲပဲ ရှိပါတယ်။အဲဒီစစ်သား နှစ်ဦးနဲ့အတူ လက်ပစ်ဗုံး ၅ လုံးနဲ့ ကျည်ဆန် ၂၀၀ ကျော်ပါလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို မူးယစ်ယမ်းကားနေတဲ့ စစ်သား နှစ်ဦးဟာ ဘုရားကုန်းကျေးရွာထဲက အိမ်တအိမ်ကိုရောက်သွားခဲ့ပြီး စစ်သားတဦးက အဲဒီအိမ်က အမျိုးသမီးကို သူ့မိန်းမနဲ့တူတယ် ဆိုပြီး ဖက်နမ်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီအမျိုးသမီးရဲ့ သမီးငယ်ကိုလည်း ကျန်တဲ့ စစ်သားတဦးကလည်း  သူ့သမီးနဲ့တူတယ်ဆိုပြီး ထိကပါးယိကပါးလုပ်တယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်သားနှစ်ဦးက မူးယစ်ရမ်းကားနေတဲ့အတွက် ရွာခံတွေက စစ်တပ်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

“ဂွေးတောက်ကွင်းကို လှမ်းပြောတယ်။ဒီမှာဒီလိုဖြစ်နေလို့ သတင်းပို့တော့ ဂွေးတောက်ကွင်းက လာမဖမ်းဘူး ။ ဘဲ့ပြားကုန်းက စစ်ခွေးတွေကို ပြောလည်းပြောရော လာပြီးတော့ ပစ်သတ်သွားတယ်”လို့ ရွာခံက ဖြစ်စဉ်ကို ပြောပါတယ်။

ဘဲ့ပြားကုန်း ရှေ့တန်းစခန်းက အရာရှိတဦး ဦးဆောင်ပြီး ရဲဘော်တွေ ရောက်လာပြီး သူတို့လူတွေကို ထိန်းပေမယ့် ထိန်းသိမ်းလို့ မရတဲ့အတွက် ပစ်သတ်သွားပြီး အလောင်းတွေကိုလည်း ရွာမှာပဲ ထားခဲ့တဲ့အတွက် ရွာသားတွေကပဲ မြုပ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။