“လယ်ထဲမဆင်းရတဲ့အချိန်ဆိုရင် အလုပ်မရှိကြဘူး။ အားနေရင် ကလေးကအစ အုန်းလက်သပ်နေရင် ဆီဖိုး ၊ ဆားဖိုးရတော့ မိုးဖိုချောင်အထောက်အကူဖြစ်တယ်”
၂၇၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ မအူပင်မြို့နယ်နဲ့ ကျိုက်လတ်မြို့နယ်မှာ စွန့်ပစ်မယ့် အုန်းလက်တွေကနေ တံမြက်စည်း ထုတ်လုပ်ဖို့အတွက် အုန်းလက်တံ အချောသပ်လုပ်ကိုင်သူတွေ ယခင်နှစ်ထက်ပိုမိုများပြာ လာပါတယ်။
အုန်းပင်ပေါများတဲ့ ဒီဒေသမှာ တံမြက်စည်းတံ ဝယ်ယူသူတွေမရှိခင်က အလေ့ကျကြွေကျတဲ့ အုန်းလက်တွေကို ပိုင်ရှင်တွေက ဥယျာဉ်ခြံအတွင်း ပြန်လည်စွန့်ပစ်ကြတာပါ။
“ရွာတွေမှာ အလုပ်အကိုင်မရှိ တဲ့အချိန် အုန်းလက်သပ် (တံမြက်စည်းတံထုတ်လုပ်) တဲ့လူတွေများလာတယ်” လို့ မအူပင်မြို့နယ်ထဲ မှာနေထိုင်သူက ပြောပါတယ်။
အချောသပ်ပြီးသား အုန်းလက်တံ ၂၀၀ ကို အိမ်အရောက် လာရောက်ဝယ်ယူသူတွေက ၁၈၀ ကျပ်ပေးတယ်လို့ သူကဆက်ပြောပါတယ်။ “နွေတုန်းကတော့ ၂၀၀ ကျော်ကျော်လောက်အထိ ဈေးပေးတယ်။ အ ခု ဈေးကျသွားတာ” လို့ဆိုပါတယ်။
မြို့ပေါ်က အချောသပ်ပြီးသားအုန်းလက်တံ ဝယ်ယူသူတွေဟာ ကျေးရွာတွေအရောက် လစဉ်လာ ရောက်ဝယ်ယူပါတယ်။ အချောသပ်ပြီးသား အုန်းလက်တံ ဝယ်ယူသူတွေဟာ အုန်းလက်တံမြက်စည်းတံ အတို ၊ အရှည်တွေ ပြန်လည်ဖန်တီးပြီးတဲ့နောက် မြန်မာနိုင်ငံအထက်ပိုင်းအထိ ပို့ဆောင်ရောင်းချပါ တယ်။
ဧရာဝတီတိုင်းမှာ အုန်းလက်တံအချောသပ်တဲ့ လုပ်ငန်းက စီးပွားဖြစ်အနေနဲ့ ရပ်တည်နိုင်ခြင်းမရှိပေမယ့် အိမ်သုံးစားရိတ်တချို့ကို အထောက်အပံ့ဖြစ်စေတယ်လို့ မအူပင်မြို့နယ်ထဲမှာ နေထိုင်သူက ပြောပါ တယ်။
“လယ်ထဲမဆင်းရတဲ့အချိန်ဆိုရင် အလုပ်မရှိကြဘူး။ အားနေရင် ကလေးကအစ အုန်းလက်သပ်နေရင် ဆီဖိုး ၊ ဆားဖိုးရတော့ မိုးဖိုချောင်အထောက်အကူဖြစ်တယ်။ ပြီးခဲ့လက ရောင်းလိုက်တာ ၅ သောင်း ကျော်ဖိုးလောက်ရတယ်” လို့ သူကပြောပါတယ်။