ခမောက်အစ၊ ဘီတွတ်က

၂၆၊ဩဂုတ်လ။

၁၉၈၉ ဇန်နဝါရီဆန်းစကဆိုတော့(၃၆) နှစ်ကျော်ပြီ။ အမှတ်သညာကမ်းပါးလည်း ခေတ်ရေတိုက်စားပြီ။ အမှတ်မမှားဘူး ဆိုရင်တော့ ဒါဖြစ်ခဲ့တယ်။ဘီတွတ်မှာဖြစ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်း (အနောက်ခြမ်း)စည်းရုံးရေးခရီးစဥ်။

ကျနော်တို့  မြတ်မေတ္တာ နှစ်ထပ်သင်္ဘောကြီး ကျုံမငေးကနေထွက်လာတယ်။

နောက်တစ်မြို့က လပွတ္တာ။ လပွတ္တာကို ဦးတည်ခုတ်မောင်းနေတုန်း လမ်းခုလတ်က ဘီတွတ်ဆိုတဲ့ရွာကြီးကို အဖြတ်မှာ ပဲ့ထောင်နှစ်စီး အချက်ပြ ကပ်လာပြီး အော်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် သူတို့ရွာကို ခဏလောက်ဖြစ်ဖြစ် ကပ်ပေး ပါဦးတဲ့။

ကျနော်တို့ ဧရာဝတီတိုင်းစည်းရုံးရေး အဖွဲ့က ရေးဆွဲတင်ပြ၊ ဗဟိုကအတည်ပြု၊

နဝတကို အသိပေးထားတဲ့ခရီးစဥ်မှာ အဲဒီရွာ ဘီတွတ်မပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘီတွတ်လူထုနဲ့ တွေ့မယ်ဆိုပြီး၊ သင်္ဘောပြန်ကွေ့ကမ်းကပ်၊ ရွာပေါ်ဆင်းပြီး ရွာလယ်က လွတ်လပ်ရေးကျောက်တိုင်မှာ လူထုကိုတွေ့ဆုံ မိန့်ခွန်းပြောတယ်။

ကွင်းပြင်ထဲမှာ နေက ခြစ်ခြစ်တောက်။ နေပူကြီးအောက်မှာ ဒေါ်အောင်ဆန်းစုကြည် ချွေးသံတရွှဲရွှဲ။ ဦးဝင်းထိန်က အဲဒီမှာ ရွာသားတယောက်ဆီက ခမောက်ငှားပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ လှမ်းပေးလိုက်တယ်။ ကျနော်တို့ခေါင်းဆောင်ကလည်း ခမောက်ကိုယူပြီးအကျအန ဆောင်းပြလိုက်တယ်။ ပရိသတ်ရဲ့လက်ခုပ် သြဘာသံတွေ ဝေါခနဲညံ ထွက်သွားတော့တယ်။

၉၀ ရွေးကောက်ပွဲမှာ NLD ရဲ့အမှတ် တံဆိပ်ဟာ ခမောက်ဖြစ်လာတယ်။

ကျနော် တတိယနိုင်ငံရောက်ပြီး သုံးနှစ်လောက်အရှိမှာ ပစ္စဘတ်မြို့ကိုကိစ္စ

တခုနဲ့ရောက်တော့ အဲဒီမှာ ကျနော်နဲ့လိုင်းပေါ်မှာ မိတ်ဆွေဖြစ်နေတဲ့ ကိုကျော်ဆွေနဲ့တွေ့တယ်။ သူက လပွတ္တာ-ဘီတွတ်ရွာသား။ သူနဲ့ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်းကမှ

“ကိုအောင်ဝေး၊ အဲဒီခမောက်က ကျနော် ဆောင်းလာတဲ့ခမောက်ဗျ” တဲ့။ သူဆက် ပြောတာ ခမောက်က ကျနော်တို့သင်္ဘော ပေါ်ပါသွားသတဲ့။ ကျနော့်စိတ်ထဲမှာ ဒီဓာတ်ပုံထဲက ဒေါ်အောင်ဆန်းစုကြည် ဆောင်းထားတဲ့ ခမောက်ဟာ ဘီတွတ်ကခမောက်လို့ ထင်မိတယ်။ အဲဒီခရီးစဥ်မှာပါခဲ့တဲ့သူ

တွေတော့သိမှာပဲ။ နယူးယောက်မြို့က ကိုအောင်ကြီးလွင်တို့၊ ဘတ်ဖလိုးမြို့က နိုင်လင်းဖြူဖွေးတို့၊ သူတို့ကိုလှမ်းမေးကြည့်ရဦးမယ်။

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ။

အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေ။  ။