ကွင်းကောက်မှာ သေနတ်ကိုင် ကင်းလှည့်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်

“သိန်းစိုးက ဝရိန်လုပ်ငန်းရှိတယ်။ ကမ္ဘာစိုးကုမ္ပဏီအမည်နဲ့ စစ်တပ်ဆီကနေ အဆောက်အဦးဆောက် လုပ်တာ ၊ လမ်း တံတား ဖောက်လုပ်တာကိုလည်း ကန်ထရိုက်လုပ်တယ်။ သူတို့က (သိန်းစိုး) စစ်တပ်မျိုး ရိုးကနေလာတဲ့ စီးပွားရေးသမားတွေ”

၂၅၊ဩဂုတ်လ။

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့က ပြည်သူ့စစ်တာဝန်ခံ သိန်းစိုးဟာ တပည့်တပန်းတွေနဲ့ အတူ လက်နက်အပြည့်အစုံကိုင်ဆောင်ပြီး ကင်းလှည့်တာ ၊ အရပ်သားပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ လုပ်နေပါတယ်။

“သူက (သိန်းစိုး) ကားတစီးနဲ့ ကွင်းကောက်အပိုင်ထဲမှာ အတော်လှုပ်ရှားတယ်။ သွားလေရာ သေနက်က အတို ၊ အရှည်နဲ့ ဟန်ရေးပြတာလည်း လွန်ရော။ သူ့ကြောင့် အဖမ်းခံထားရတဲ့ ကလေးတွေလည်းရှိ တယ်” လို့ ဒေသခံကပြောပါတယ်။

အသက် ၅၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ သိန်းစိုးဟာ ပျောက်ကျားယူနီဖောင်းကို ဝတ်ဆင်ပြီးတော့ တပည့် ၁၀ ခန့်နဲ့အတူ အရပ်ထဲမှာ လက်နက်အပြည့်အစုံနဲ့ ကင်းလှည့်တာတွေ ၊ အရပ်သားပြည်သူတွေကို တားဆီး စစ်ဆေးတာတွေကို ပြုလုပ်လေ့ရှိပါတယ်။

ဇွန်လထဲမှာ သိန်းစိုးနဲ့အဖွဲ့ဟာ လူငယ်အမျိုးသား ၂ ဦးကို တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ အားပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေးကာ ရဲလက်ကို အပ်လိုက်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“သိန်းစိုးက ဝရိန်လုပ်ငန်းရှိတယ်။ ကမ္ဘာစိုးကုမ္ပဏီအမည်နဲ့ စစ်တပ်ဆီကနေ အဆောက်အဦးဆောက် လုပ်တာ ၊ လမ်း တံတား ဖောက်လုပ်တာကိုလည်း ကန်ထရိုက်လုပ်တယ်။ သူတို့က (သိန်းစိုး) စစ်တပ်မျိုး ရိုးကနေလာတဲ့ စီးပွားရေးသမားတွေ” လို့ ကွင်းကောက်မြို့မှာ နေထိုင်သူကပြောပါတယ်။

လက်နက်အမြဲကိုင်ဆောင်ထားလေ့ရှိတဲ့ သိန်းစိုးဟာ မိသားစုနဲ့ သွားလာတဲ့အခါ အနက်ရောင် ကိုယ်ပိုင် ကားနဲ့ သွားလာလေ့ရှိပြီး ကင်းလှည့်စစ်ဆေးတာတွေလုပ်ဆောင်တဲ့အခါမှာတော့ ပြည်သူ့စစ်အဖွဲ့ ဝင် တပည့်တွေနဲ့အတူ ဆိုင်ကယ်နဲ့သွားလာလေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်တပ်ဟာ အင်္ဂပူမြို့နယ်ထဲမှာ ပြည်သူ့စစ်ကို အင်အားတောင့်တင်းအောင် ဖွဲ့စည်းထားတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ကျေးရွာအုပ်စုတိုင်းမှာ ပြည်သူ့စစ်ကို ဖွဲ့စည်းထားပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင် တိုင်းကလည်း သေနတ် အတို ၊ အရှည်မျိုးစုံ ကိုင်ဆောင်သွားကြပါတယ်။

အင်္ဂပူမြို့ထဲက ကွင်းကောက်အနီးဝန်းကျင် ပုသိမ်မုံရွာကာားလမ်းနဲ့ ရခိုင်းရိုးမ တောင်ခြေ ဧရိယာတွေမှာတော့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။