“ အခုဝင်ပြိုင်မယ်ဆိုတဲ့ ပါတီတွေက သူတို့ ကိုယ် ကျိုးစီးပွားအတွက် လွှတ်တော်ထဲကို ဝင်လို့ရနိုင်မယ်လို့ ယူဆပြီး ဝင်ပြိုင်ကြတာလို့ထင်တယ်။ PR(အချိုးကျခွဲဝေရေးစနစ်)မှာကျတော့ ဝင်ပြိုင်တဲ့ပါတီတွေက ကိုယ်စားလှယ်တွေက မဲရရှိမှုအလိုက် ပါဝင်ခွင့်ရမှာကိုး။
၂၅၊ ဩဂုတ်လ။
စစ်တပ်က ဦးဆောင်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ်တွေမှာ နေရာအပြည့်မှာ ဝင် ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။
“ ဧရာဝတီနေရာ ၉၂ နေရာမှာ ၇၀ ကျော်ရနေပါပြီ”လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ Facebook Page က DNA ကို ပြောပါတယ်။ ဧရာဝတီတိုင်းမှာ နေရာအပြည့် ဝင်ပြိုင်ဖို့ စီစဉ်ထားလားဆိုတဲ့ မေးခွန်းကိုတော့ ကြိုးစားနေကြပါတယ်လို့ ပြန်ပြောပါတယ်။
မနေ့က ဩဂုတ်လ ၂၄ ရက်နေ့ညက ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ Facebook Page မှာ Live လွှင့်ခဲ့ရာမှာ “ ငါးနှစ်တခါ ရွေးကောက်ပွဲ ပြုလုပ်နေတာဟာ ကျွန်မတို့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဧရာဝတီတိုင်းထဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ပါတီစည်းရုံးရေး လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် လုပ်နေတဲ့ မြောင်းမြဒေသခံတဦးကတော့ “ ဘယ်သူတွေ ပြိုင်ပြိုင်၊ ဘယ်သူတွေပဲ မဲပေးပေး၊ မပေးပေး၊ ကြံ့ခိုင်ရေးပဲ နိုင်မှာပါ။ ရွေးကောက်ပွဲစနစ်က ဘယ်လို၊ဘယ်ညာဆိုလည်း ကျွန်တော်တို့က နားမလည်သလို အဲ့ဒါကိုကလည်း စစ်တပ်က သူတို့အသာစီးရဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲစနစ်ပဲလေ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်းထဲမှာ မြို့နယ်၂၆ မြို့နယ်၊ မဲဆန္ဒနယ် ၉၂ နေရာသတ်မှတ် ထားပြီး လေးမျက်နှာ၊ အင်္ဂပူ၊ငသိုင်းချောင်းတို့လို စစ်ရေးပြင်းထန်နေတဲ့မြို့နယ်တွေမှာပါရွေးကောက် ပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ရွေးကောက်ပွဲစနစ်မှာလည်း နိုင်သူအကုန်ယူ စနစ်နဲ့ အချိုးကျခွဲဝေရေးစနစ်၊ စနစ်နှစ်ခုကို ပေါင်းပြီး ပြုလုပ်ဖို့နဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ် သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
“အခုဝင်ပြိုင်မယ်ဆိုတဲ့ပါတီတွေကသူတို့ကိုယ်ကျိုး စီးပွားအတွက် လွှတ်တော်ထဲကို ဝင်လို့ရနိုင်မယ်လို့ ယူဆပြီး ဝင်ပြိုင်ကြတာလို့ထင်တယ်။ PR (အချိုးကျခွဲဝေရေးစနစ်)မှာကျတော့ ဝင်ပြိုင်တဲ့ပါတီတွေက ကိုယ်စားလှယ်တွေက မဲရရှိမှုအလိုက် ပါဝင်ခွင့်ရမှာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ စစ်အာဏာရှင်က ပေးထားတဲ့ ဘောင်ထဲက နိုင်ငံရေးပါ။ လွတ်လပ်မျှတမှု ရှိလား၊ မရှိဘူးဆိုတာ မြင်သာပါ ” လို့ ပြည်တွင်းမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်ကိုင်နေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်ပါတီဝင် တဦးက မှတ်ချက်ပေးပါတယ်။
လက်ရှိ ဧရာဝတီတိုင်းထဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပါတီလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြတဲ့ ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)၊ ပြည်သူ့ပါတီ (PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကရင်ပြည်သူ့ပါတီ (KPP) တို့ပါဝင်ကြပါတယ်။
ဒီပါတီတွေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာလည်း ဧရာဝတီတိုင်းအတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီကို ရှုံးနိမ့်ခဲ့ကြတဲ့ ပါတီတွေပဲ ဖြစ်ပါတယ်။